နေပြည်တော် နိုဝင်ဘာ  ၂၁

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စွန်ရဲအင်း စိုက်ကွင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် စိုက်ကွင်းတာဝန်ခံက သရက်၊ ပဲစဉ်းငုံ၊ မိုးနေကြာ၊ ကုလားပဲနှင့် ပိုက်ဆံလျှော် စိုက်ပျိုးနေမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသနေတောင်သူများအား ထိရောက်သည့် နည်းပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားသည်။

 

 ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးဆီပိုလျှံစွာ ထုတ်လုပ်ရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေး မှာကြားပြီး စွန်ရဲအင်းဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မွေးမြူရေးဇုန်၏ မြေနေရာ ခွဲဝေချထားမှု၊ မွေးမြူရေးဇုန်အတွင်း နွားမွေးမြူရေးခြံ၊ ဆေးကုသရေးရုံ၊ အစာသိုလှောင်ရုံနှင့် နွားစားမြက် စိုက်ပျိုးရေး လျာထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန်အတွက် ဌာနနှင့် ပုဂ္ဂလိကများအကြား ပူးပေါင်း ဆောင်ရွက်စေရေး ဆွေးနွေးမှာကြားသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် စွန်ရဲအင်းဒေသ ငွေပင်လယ်နွားမွေးမြူရေးလုပ်ငန်း (ကျောက်ဆည်)၏ နို့စားနွား မွေးမြူထားရှိမှုနှင့် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချော ထုတ်လုပ်မှုအားကောင်းလာစေရန် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)