နေပြည်တော် နိုဝင်ဘာ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် အိမ်ထောင်စု လူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁) ရက် အထိ စိစစ်ပြီးဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ (၁၂၀၀) ကျော် အပါအဝင် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားတွေ့ရှိသူ (၉၁၀၀၀) ကျော်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ (၄၇၀၀၀) ကျော်၊ စုစုပေါင်း လူဦးရေ (၁၃၈၀၀၀)ကျော်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ကြားပြီး ဖြစ်ပါကြောင်း။
ယင်းတို့အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး လူဦးရေ (၇၀၀)ကျော်ကို ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံ ရန်လျာထားသူ (၇၀၀) ကျော်အပြင် ၎င်းတို့၏ဆက်စပ် မိသားစုဝင်(၄၀၀)ကျော်၏ စာရင်းပါထပ်တိုးရန် ပေးပို့လာပါကြောင်း၊ စိစစ်အတည်ပြုရန် ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် (၄၀၀)ကျော်အား မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့များဖြင့် ပြီးခဲ့သည့် မတ်လအတွင်း က မောင်တောမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ သွားရောက် စစ်ဆေးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် (၂/၂၀၂၃) အစည်းအဝေးတွင် Pilot Project ဖြင့် လျာထားသူ (၇၀၀)ကျော်နှင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့သူ(၄၀၀)ကျော် စုစုပေါင်း (၁၁၀၀) ကျော်အား လက်ခံရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း။
သို့ရာတွင် နှစ်နိုင်ငံ ကမကထပြုဆောင်ရွက်မည့် အစီအစဉ်သစ် (New Bilateral Initiative)အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြန်လည်ပို့ဆောင်လိုသူများနှင့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လိုသူများ အဆိုပြုပေးပို့လာသည့်အတွက် ယင်းတို့အနက် မောင်တော(မြောက်ခြမ်း)တွင် နေထိုင်ခဲ့သူ၊ မိသားစုအလိုက်တွေ့ရှိသူ၊ ပြစ်မှုကင်းရှင်းသူ စုစုပေါင်း (၂၈၀၀)ကျော်အား ရှေ့ပြေးစမ်းသပ်စီမံကိန်းအဖြစ် ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက မှတ်ချက်ပြုခဲ့ပါကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ (၂၈၀၀) ကျော်၏ ထပ်တိုး မိသားစုဝင် (၃၀၀) ကျော်အား ထပ်မံစိစစ်တွေ့ရှိရသဖြင့် Go and Talk ခရီးစဉ်တွင် မျက်မြင်စစ်ဆေးရေးအဖွဲ့ လိုက်ပါလျက် တစ်ပါတည်းစိစစ်အတည်ပြုပေးရန် သံတမန်လမ်း ကြောင်းအရ တောင်းဆိုလာသဖြင့် မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့များက ပြီးခဲ့သည့် အောက်တိုဘာ (၃၁) ရက်နှင့် နိုဝင်ဘာ(၁)ရက်တို့တွင် တက္ကနပ်သို့ နေ့ချင်းပြန်သွားရောက်စစ်ဆေးခဲ့ပါကြောင်း၊ ယင်းသို့ သွားရောက်စစ်ဆေးရာတွင် စာရင်းပေးပို့ထားသည့် (၃၀၀)ကျော်အနက် လာရောက်အစစ်ဆေးခံသူ (၁၄၂) ဦးအား စစ်ဆေးခဲ့ရာ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည် လက်ခံနိုင်သူ (၁၂၆)ဦးရှိပြီး လက်ခံရန် သင့်/ မသင့် စဉ်းစားရမည့်သူ (၁၁)ဦး၊ သေဆုံးသူ (၄)ဦး၊ စာရင်းမှား(၁)ဦးတို့ တွေ့ရှိရပါကြောင်း။
ယခု အစည်းအဝေး တက်ရောက်လာသူများ အနေဖြင့် မိမိဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များအပေါ် မူတည်ပြီး မျက်မြင်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးခဲ့သူ (၁၄၂) ဦးနှင့် ပတ်သက်၍ Pilot Project အရ စိစစ်ပြီးသူ (၂၈၀၀) ကျော်နှင့်အတူ ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို သုံးသပ်ဆွေးနွေး အကြံပြုကြ စေလိုပါကြောင်း၊ နေရပ်စွန့်ခွာသူများကို လက်ရှိလုံခြုံရေးအခြေအနေအရ ယခုကာလအတွင်း အကန့် အသတ်ရှိနေသော်လည်း လက်ခံနိုင်မည့်သူများကို စိစစ်အတည်ပြုထားခြင်း ဖြစ်ပြီး အတည်ပြုဆုံးဖြတ်ချက် များကို ညှိနှိုင်းပေါင်းစပ်ရေးကော်မတီသို့တင်ပြပြီး ၎င်းမှတစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က ဧပြီလအတွင်း ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၃)၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စိစစ်သုံးသပ်ရမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကော်မတီဝင်များက လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဌာနအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှုနှင့် မျက်မြင် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအပေါ် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေး အတွက် သုံးသပ်အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြု သုံးသပ်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် အတည်ပြုဆုံးဖြတ်ချက်ရယူကာ စိစစ် အတည်ပြုပြီးသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)