တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပမည့် ၂၀၂၃ စစ်ချွမ်း-ချုံချင့် ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (2023 Sichuan-Chongqing & Mekong Countries Sub-national Cooperation Forum)သို့ တက်ရောက်ရန် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကိုယ်စားလှယ် (၃) ဦး လိုက်ပါသွားကြသည်။
မဲခေါင်ဒေသခွဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချန်ဒူး-ချုံချင့် ဒေသနှင့် မဲခေါင်နိုင်ငံများအကြား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပြီး အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)