ဗီယင်ကျန်း နိုဝင်ဘာ ၂၁
လာအိုနိုင်ငံ၌ ဒစ်ဂျစ်တယ် သီတင်းပတ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံ၏ တယ်လီဂျစ်တယ် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဆန်းသစ်တီထွင်မှု အောင်မြင်မှုများကို ပြသမည် ဖြစ်သည်။
နိုင်ငံအတွင်းကျင်းပမည့် ဒစ်ဂျစ်တယ်သီတင်းပတ်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍတွင် နည်းပညာများကို တွင်ကျယ်စွာအသုံးပြုကာ ၎င်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ရောက်ရှိရေးဆောင်ရွက်မည်ဖြစ်ကြောင်း နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီး ဘိုဗီယန်ခမ် ဗွန်ဒါရာက ပြောကြားသည်။
အဆိုပါ ဒစ်ဂျစ်တယ်သီတင်းပတ်အတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသွင်ကူးပြောင်းရေး အတွက် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ပြီး လာအိုနိုင်ငံနှင့် ဒေသတွင်းမှ စွန့်ဦးတီထွင်လုပ်ငန်းများမှ ထုတ်လုပ်သည့် ဆက်သွယ်ရေးဆိုင်ရာ ထုတ်ကုန်များကို ပြခန်းများဖြင့်ပြသမည်ဖြစ်သည်။ ၎င်း ဒစ်ဂျစ်တယ်သီတင်းပတ်အတွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်နည်းပညာ သုံးစွဲ သည့် လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာဆိုင်ရာ သုတေသန အသုံးချမှုကိုမြှင့်တင်ရန်နှင့် ဆန်းသစ်တီထွင်မှု၊ စက်မှုထွန်းကားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဝန်ဆောင်မှုများ ပေးအပ် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် လာအိုနိုင်ငံက ယူဆထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ