နေပြည်တော် နိုဝင်ဘာ ၂၂

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ မိတ္ထီလာအကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကော်မရှင်အဖွဲ့သည် အကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ/မရှိ၊ သန့်ရှင်း‌သော သောက်သုံးရေ လုံလောက်မှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်ခွင့် အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ/မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့သည် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၀၀ အုပ်ကို ကော်မရှင်ကလှူဒါန်းခဲ့ရာ မိတ္ထီလာအကျဉ်းထောင် တာဝန်ခံ အရာရှိမှ လက်ခံရယူသည်။

 

အဆိုပါအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်