ရန်ကုန်   နိုဝင်ဘာ   ၂၃

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး China Media Group (CMG)နှင့် တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူး​ပေါင်း၍ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (Chinese Film Week) ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အလုံ မြို့နယ်  မင်းရဲကျော်စွာလမ်းရှိ   တရုတ် ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး   Mr. Zheng Zhihong  နှင့် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတာဝန်ခံ Mr. Xiang Jianbo၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊  တရုတ် ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်  ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား​ပြောကြားရာတွင် ရုပ်ရှင်အနုပညာသည် အနုပညာ နယ်ပယ်အရပ်ရပ်အနက် လှုံ့ဆော်နိုင်မှုစွမ်းပကားကြီးမားပြီး လူတို့အပေါ်တွင် သြဇာအာဏာသက်ရောက်မှုရှိသလို လူ့အသိုင်းအဝိုင်းနယ်ပယ်အတွင်း ထိုးထွင်းဝင်ရောက်နိုင်စွမ်းရှိသည်ကို တွေ့ရပါကြောင်း၊ ရုပ်ရှင်တွင်ဖော်ကျူးသည့်   အနုပညာလက်ရာများသည်လည်း နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ယဉ်ကျေးမှုအချင်းချင်း နှီးနှောပေါင်းစပ် ပေးနေသည့် အနုပညာသုခုမပညာရပ်ပင် ဖြစ်ပါကြောင်း။

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု သမိုင်းကောင်းမှတ်တိုင်များရှိပါ ကြောင်း၊  ယင်းတို့အနက် တရုတ်နိုင်ငံ ထန်မင်းဆက်ခေတ်၊ မြန်မာနိုင်ငံ ပျူခေတ်တို့တွင် နှစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုကို   ဂီတနှင့် အနုပညာအခြေခံပြီး မြှင့်တင်ဆောင်ရွက်ခဲ့သည့် အကြောင်းအရာတစ်ခုရှိခဲ့ဖူးပါကြောင်း၊ ခရစ်နှစ်(၈၀၂) ခုနှစ်တွင် တရုတ်ပြည်သို့ရောက်ခဲ့သည့် ပျူဂီတအနုပညာ သံတမန်အဖွဲ့က ဂီတအနုပညာစွမ်းပကားနှင့်ပင်    တရုတ်နိုင်ငံနှင့်   မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေး နိုင်ခဲ့ပါကြောင်း၊ ယင်းချစ်ကြည်ရင်းနှီးမှု ကိုအခြေခံပြီး  ဒေသတွင်း  နိုင်ငံတကာရေးရာနှင့်   စီးပွားဆက်သွယ်မှုများကို လည်း ပိုမိုတိုးတက်စေခဲ့ပါကြောင်း။

 

အောင်မြင်မှုများရရှိခဲ့

ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး အနုပညာတစ်ရပ်ဖြစ်သည့်  ဂီတနှင့် သရုပ်ဆောင်မှုအနုပညာကို ဖန်တီးသည့်အနေဖြင့် ၂၀၁၃ ခုနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ  ယူနန်ပြည်နယ် ယူနန်ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းသည့် “ဒဏ္ဍာရီထဲကတေးကဗျာ” ဇာတ်လမ်းတွဲရိုက်ကူးခဲ့ရာ တရုတ်နိုင်ငံမှ ပြည်သူများနှင့် မြန်မာနိုင်ငံမှ ပြည်သူများပါ ကြိုက်နှစ်သက်ကြသည့်အတွက် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွင် အောင်မြင်မှုများရရှိခဲ့ပါကြောင်း။

 

တရုတ်နိုင်ငံနှင့်   မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး သံတမန်ဆက်ဆံရေးထူထောင် ခဲ့သည့်ကာလမှာ  နှစ်(၇၀)ကျော်ခဲ့ပြီဖြစ်၍ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်း မကြာခဏ ထိတွေ့ဆက်ဆံမှု၊ နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ပြဿနာများအပေါ် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတို့ကို နှစ်နိုင်ငံမြင့်မြင့်မားမား ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှု၊  အပြန်အလှန်ယုံကြည်မှု၊  အပြန်အလှန် ကူညီပံ့ပိုးမှုတို့အပေါ် အခြေခံခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး နှစ်နိုင်ငံ ပြည်သူလူထုအတွက် ပိုမိုအကျိုးဖြစ်ထွန်း မှုများ ဆောင်ယူလာနိုင်မည်ဟု ယုံကြည်မိပါကြောင်း။

 

မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်သည်နှင့်အညီ    ရုပ်ရှင်ကဏ္ဍတွင်သာမက အခြားစီးပွားရေးကဏ္ဍများ၊ ပြည်သူ အချင်းချင်းဆက်ဆံမှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တက်ရောက်လာကြသည့်ပရိသတ်များ သိရှိပြီးဖြစ်ပါ ကြောင်း၊  မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကကြီးမှူး၍   တရုတ်ရုပ်ရှင်ပွဲတော်များကို နှစ်စဉ်ကျင်းပ လျက်ရှိပါကြောင်း၊  မြန်မာပရိသတ်များအနေဖြင့် တရုတ်ရုပ်ရှင်ဇာတ်ကားများကို ယခင်ကတည်းက  နှစ်ခြိုက်ကြ သည့်အတွက် နှစ်စဉ်ကျင်းပခဲ့သည့်  တရုတ်ရုပ်ရှင် ပွဲတော်များမှာ စိတ်အားထက်သန်စွာဖြင့် ကြည့်ရှုနေကြပါကြောင်း။

 

နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်း ဆက်ဆံရာတွင် အချို့မှာ ဘာသာစကားနားမလည်သည့်တိုင် ရုပ်ရှင်တွင်ရိုက်ကူး ဖော်ပြချက်များကြောင့် လူသားအချင်းချင်း၊ နှလုံးသားချင်း၊ ရင်ဘတ်ချင်းနားလည်မှုရရှိပြီး ပိုမိုရင်းနှီးလာစေပါ ကြောင်း၊  မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နှစ်စဉ်ကျင်းပသည့် Golden Rooster & Hundred Flowers Film Festival တွင်လည်း နှစ်စဉ်ရုပ်ရှင်ဇာတ်ကားပါဝင်ပြသခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ    ကိုယ်စားလှယ်များ၊ ထုတ်လုပ်သူနှင့် ဒါရိုက်တာများအပါအဝင် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါကြောင်း။

 

ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၌ လန်မေနိုင်ငံတကာ ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်(Lanmei International Film Week)သို့လည်း မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားများပေးပို့ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ပါကြောင်း။

 

ပေးပို့ပြသခဲ့

၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကြီးမှူးကျင်းပသည့် Screening of Outstanding ASEAN-China Audio–Visual Program၊ 5th Guangxi Online Animation Com-petition  ၊ 2022 China- ASEAN Film Culture Week၊ 5th Lancang-Mekong International Film Week တို့သို့ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတိုများ ပေးပို့ပြသခဲ့ပါကြောင်း၊ ရုပ်ရှင်ပွဲတော်ကျင်းပခြင်းနှင့်အတူ   နှစ်နိုင်ငံအကြား ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုတိုးတက်စေရန်နှင့်  တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင် ဖော်ဆောင်သည့် သဘောပင်ဖြစ်ပါကြောင်း။

 

ယနေ့ကျင်းပသည့် “၂၀၂၃ တရုတ် ပုံရိပ်ရုပ်ရှင်သီတင်းပတ်”ကို  မြန်မာပရိသတ်များက တရုတ်နိုင်ငံအကြောင်းကို ပိုမိုနားလည်သိရှိပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်း။

 

ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ် အလာများကို ထိန်းသိမ်းပြီး နောင်လာမည့် နှစ်များတွင်လည်း  ဆက်လက်ကျင်းပနိုင် ပါစေကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုသည်လည်း ပိုမိုခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr.  Zheng Zhihong  က အမှာစကား ပြောကြားသည်။

 

ယင်းနောက် ၂၀၂၃ ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်တွင်     ပြသမည့် ဇာတ်ကားများကို မိတ်ဆက်ပြသသည်။

 

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများက ဖြေကြားသည်။

 

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး၊  ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ  တာဝန်ခံ၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် တရုတ်နိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ရိုက်ကူးတင်ဆက်ထားသည့် အတွင်းရေးမှူး အားရှာ  ဇာတ်ကားကိုပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

 

အဆိုပါ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်း ပတ်တွင် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ရိုက်ကူး တင်ဆက်ထားသည့်    အတွင်းရေးမှူး အားရှာဇာတ်ကား၊    တရုတ်ရှေးခေတ် ဝတ္ထုရှည်တစ်ပုဒ်ကို အခြေခံရိုက်ကူးထား သည့် ခန်းဆောင်နီအိပ်မက် ဇာတ်ကား၊ တရုတ်အစားအစာ ယဉ်ကျေးမှုအကြောင်း ရိုက်ကူးတင်ဆက်ထားသည့် A Bite Of China Season 2 မှတ်တမ်းရုပ်ရှင်၊ သည်းထိတ်ရင်ဖို ဟာသဇာတ်လမ်းဖြစ်သည့် Detective Chinatown 1 ဇာတ်ကား၊ အနောက်ဘက်သို့ ခရီးသွားခြင်း ရုပ်သံဇာတ်လမ်းတွဲ စသည့်  သုတရသ ယဉ်ကျေးမှုစုံလင်သည့်    ခေတ်သစ် တရုတ်ပုံရိပ်ရုပ်ရှင်များကို နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ပြသသွား မည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်