နေပြည်တော်၊ နိုဝင်ဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတစ်ရပ်အနေနှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်အတွင်း စတုတ္ထနေ့အဖြစ်  လယ်ဝေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ သီရိမင်္ဂလာခန်းမ၌ ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်း နှင့်တာဝန်ရှိသူများက MEVM စက် တည်ဆောက်ပုံ အကြောင်းအရာများ၊ အသုံးပြုပုံ နည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိ နားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်သည်အထိ ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြ သည်။

မဲဆန္ဒရှင်ပြည်သူများ စမ်းသပ်မဲပေးရာတွင် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ခဲ့ကြပြီး အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှုရှိစွာ မှန်မှန်ကန်ကန် မဲပေးနိုင်ခြင်း၊ ပယ်မဲများမရှိနိုင်တော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်းတို့ကို လက်တွေ့ သိရှိခဲ့ရသည့်အတွက် မဲပေးစက်အပေါ် စိတ်ချယုံကြည်မှုအပြည့်ဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်။ 

 

mdn

 

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ နောင်ဘိုကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအုပ်စု၊ တည်ထောင် ကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ သဲကောကြီး ကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာအုပ်စု၊ အောင်သာ ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စုနှင့် ရဘိန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်း ရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ ၅၄၉ ဦးရှိခဲ့ပြီး လယ်ဝေးမြို့နယ်၌ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည့် နိုဝင်ဘာ၂၁ ရက်မှ  ၂၄ ရက်အတွင်း စမ်းသပ်မဲပေးသူစုစုပေါင်း ၂၃၀၆ ဦးရှိခဲ့ ကြောင်း သိရသည်။ 

သတင်းစဉ်