မြစ်ကြီးနား နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသတွင်းဆီစားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မန်ခိန်(စက်မှုဇုန်) ရပ်ကွက်အတွင်း ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းတွင် မိုးစပါးခင်းများ ရိတ်သိမ်းဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် စပါးသိမ်းပြီးချိန်တွင် ဆီထွက်သီးနှံ နေကြာအပါအဝင် ပဲပုပ်၊ ပြောင်းနှင့် အခြားသီးနှံများ စိုက်ပျိုး ဆောင်ရွက်နိုင်ရေးကို နိုဝင်ဘာ ၂၂ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး စိုက်ကွင်းများအတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တူးဖော်ထားသည့် ဆိုလာရေတွင်း/ စက်ရေတွင်းများမှ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ပင်မမြောင်း (အင်ဂျန်းခချောင်း)နှင့် လက်တံရေမြောင်းများ ပြန်လည်တူးဖော်နိုင်ရေး၊ နေကြာမျိုးသန့်မျိုးစေ့နှင့် ပဲပုပ်နှင့် အခြား သီးနှံမျိုးစေ့များ လုံလောက်စွာဖြန့်ဝေပေးနိုင်ရေး၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာနှင့် သွင်းအားစုများ ပံ့ပိုးကူညီ ပေးနိုင်ရေး၊ စပါးစိုက်ကွင်းအတွင်း ပင်မမြောင်းနှင့် လျှောက်လမ်းပေ ၁၀၀၀၀ ပြည့်အောင် ထပ်မံဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက် ကျောက်စီရေထိန်း နံရံတည်ဆောက် ပြီးစီးသည့် အခြေအနေများနှင့် မြစ်ကမ်းဘေး တစ်လျှောက်လုံးတွင် နေကြာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီး ချုပ်သည် နိုဝင်ဘာ ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသွားမည့် ၂၀၂၃ ခုနှစ် ရိုးရာကောက်သစ်စားပွဲတော် (အင်လုံအင်နန်) ကျင်းပနိုင်ရေး ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)