ပြည် နိုဝင်ဘာ ၂၄
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ညပိုင်းတွင် ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပရာ ဒေသခံပြည်သူများ နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
စေတီတော် မြောက်စောင်းတန်းဘက် နာရီစင်အနီး ဆုပေးမဏ္ဍပ်ရှေ့၌ မြို့တွင်းလှည့်ဖျော်ဖြေရေး ယိမ်းအဖွဲ့များ ဖြစ်သည့် လှေလှော်ယိမ်းအပါအဝင် ရွာဘဲရပ်ကွက်ယိမ်း၊ ဂင်္ဂါလှိုင်း အိန္ဒိယအမျိုးသားယိမ်းနှင့် ဆင်စုရပ်ကွက် ရိုးရာ ဆင်အကယိမ်းအဖွဲ့တို့၏ ဖျော်ဖြေမှုများနှင့်အတူ အနောက်မြောက်စောင်းတန်းဘက် ဓာတ်လှေကားရှေ့ ဖျော်ဖြေရေး စင်၌ အငြိမ့်အဖွဲ့၏ဖျော်ဖြေမှုဖြင့် အထူးစည်ကားခဲ့သည်။ ထို့အတူ မြို့ပေါ်ရပ်ကွက်ကြီး ၁၀ ခုမှ ယိမ်းအဖွဲ့များကလည်း တေးဂီတနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ညစဉ် မြို့တွင်းလမ်းများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။
နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကိန်းဝပ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော် (၁၂၄) ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲကို ကျင်းပပြီး နိုဝင်ဘာ ၂၅ ရက် နံနက် ၆ နာရီမှစ၍ စွယ်တော်ကို မင်္ဂလာ ကရဝိက်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ ယိမ်းအဖွဲ့ ဖျော်ဖြေရေးယာဉ်တန်းများဖြင့် မြို့တွင်းသို့လှည့်လည် အပူဇော်ခံပွဲကို ကျင်းပမည်ဖြစ်ကာ ဘုရားပွဲတော်လာပြည်သူများ စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဘက် ပရဟိတလူမှုအဖွဲ့အစည်းများက ကဏ္ဍအလိုက်ကူညီ စောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)