ရမည်းသင်း နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အကြို လှုပ်ရှားမှုအနေဖြင့် အထူးကု ဆရာဝန်များ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း၊ အခမဲ့ ဆေးကုသခြင်း တို့ကို ရမည်းသင်းမြို့နယ် ထီးလှိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်က အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။
ဦးစွာ ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာအိအိခင်က မကူးစက်တတ်သောရောဂါများ၊ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာပြည့်စုံမင်းက သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ် နည်းစနစ်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်တတ်သော ရောဂါများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ထီးလှိုင်ကျေးရွာရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် စမ်းသပ်စစ်ဆေးကုသနေမှုကို ရမည်းသင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ရမည်းသင်းခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များက အာဟာရပစ္စည်းများကိုထောက်ပံ့ပေးအပ်ကြသည်။
ရမည်းသင်းမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အကြိုလှုပ်ရှားမှု အနေဖြင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်သားဖွားအထူးကုသခြင်း ၃၀၊ ခွဲစိတ်အထူးကုဌာနတွင် ၃၀၊ ကလေးအထူးကုဌာနတွင် ၅၁ ဦး၊ အရိုး အထူးကုဌာနတွင် ၅၉ ဦး၊ သွားနှင့်ခံတွင်းဌာနတွင် ၄၀၊ ဆေးပညာ အထူးကုဌာနတွင် ၇၀ နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၆၀ စုစုပေါင်း ၃၄၀ တို့ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်