လဟယ် နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ထန်ပါခွေကျေးရွာ၌ ဆိုင်ကယ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ လဟယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုး၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များနှင့်အတူ ထန်ပါခွေကျေးရွာတွင်အရှည် ခြောက်မိုင်၊ အကျယ် ခြောက်ပေရှိ ဆိုင်ကယ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုး ရန်ပုံငွေကျပ်သိန်း ၁၅၀ ကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာလ စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ယခုအခါ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ရာ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၄၀၊ လူဦးရေ ၁၀၂၁ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
၂၂၂