နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြန်မာ့မီးရထား၏ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) နှင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) တို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် စစ်ကိုင်းမြို့ရှိ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) သို့ ရောက်ရှိရာ စက်ရုံခန်းမ၌ တာဝန်ရှိသူများက စက်ရုံ၏ နောက်ခံသမိုင်း၊ စက်ခေါင်းများ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ၊ နှစ်စဉ်လျာထားချက်နှင့် စွမ်းဆောင်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ကျွမ်းကျင်မှု ပိုမိုမြင့်မားလာရေးနှင့် စွမ်းဆောင်မှု စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လိုအပ်ချက်များကိုမှာကြားပြီး စက်ရုံရှိ စက်မှုသင်တန်းကျောင်း၌ သင်တန်းပို့ချ လေ့ကျင့်ပေးမှုနည်းစနစ်၊ သင်တန်းဆိုင်ရာ စာအုပ်စာတမ်းများ၊ သင်ကြားလေ့ကျင့်ရေးတွင် အသုံးပြုနေသည့် စက်ကိရိယာပစ္စည်းများနှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံအတွင်း၌ ဝန်ထမ်းများက စက်ခေါင်းများ အကြီးတန်းမွမ်းမံပြင်ဆင်ရေး လုပ်ငန်းစဉ်အတိုင်း အင်ဂျင်ပိုင်းဆိုင်ရာ၊ ကိုယ်ထည်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ၊ ဘီးဘိုဂီဆိုင်ရာ အစိတ်အပိုင်းများအား မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် စက်ခေါင်းအတွက် လိုအပ်သည့် အရန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာထောင်ရှိ မြန်မာ့ မီးရထား၏ (၂၅) ကုတင်ဆံ့ ဆေးရုံ၌ ဆေးကုသပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ရွာထောင်ဘူတာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာယာဒ်ဝင်း သန့်ရှင်းသပ်ရပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ရွာထောင်ရှိ မြန်မာ့မီးရထား ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဘိုးအဘွားများအား အားပေးစကား ပြောကြားကာ အလှူငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ မြန်မာ့မီးရထား၏ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံ၏ နောက်ခံသမိုင်း၊ လုပ်ငန်းတာဝန်များ၊ လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြင်ဆင်မှုနှင့် လူစီးတွဲနှင့် ကုန်တွဲများ အသစ်တပ်ဆင် တည်ဆောက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 

mdn

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လူစီးတွဲနှင့် ကုန်တွဲအသစ်များ တပ်ဆင်ထုတ်လုပ်သည့် နည်းစနစ်နှင့် လုပ်ငန်းစဉ်များ၊ တပ်ဆင်ထုတ်လုပ်ထားပြီးဖြစ်သည့် လူစီးတွဲသစ်များ၊ ကွန်တိန်နာတင်ကုန်တွဲများ၊ လေအိတ်ဘိုဂီများ တည်ဆောက်ထားမှုနှင့် အသုံးပြုလျက်ရှိသည့် လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းမွမ်းမံပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ငယ်ရှိ မြန်မာ့ မီးရထား၏ ကုတင် ၅၀ ဆံ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေသော ဝန်ထမ်းမိသားစု လူနာများကို အားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်