နေပြည်တော် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဒေသစားသုံးမှုအတွက် အသားငါး ရိက္ခာဖူလုံ ပိုလျှံစေရေးနှင့် စီးပွားဖြစ်ထုတ်လုပ်မှု အားပေးမြှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် မွေးမြူရေးကဏ္ဍ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွေးမြူရေးထွက်ကုန်များ၏ ဈေးကွက်နှင့် တိုးချဲ့ဆောင်ရွက်နိုင်မှု အလားအလာများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတို့၏ဘဝ အာမခံချက်ရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များ၊ ကောင်းမွန်သော မွေးမြူထုတ်လုပ်မှုကျင့်စဉ် GAHP နှင့်အညီ နည်းစနစ်မှန်စွာ မွေးမြူရေး၊ တန်ဖိုးမြင့် ကုန်ချောထုတ်လုပ်ငန်းများနှင့် အချိတ်အဆက်မိမိ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေး၊ တိရစ္ဆာန် ကူးစက်ရောဂါများ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြပြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ရှိ မြဘုရင်နို့စားနွား မွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့လည်းကောင်း၊ မြစ်သားမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ကူမဲငါးလုပ်ငန်း စခန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် နို့နှင့် နို့ထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့နိုင်ရေး ပို့ကုန်ကဏ္ဍတွင် ဈေးကွက်ချဲ့ထွင်ရေး၊ ငါးမွေးမြူသူများ လိုအပ်သည့် ငါးမျိုးကောင်းမျိုးသန့် သားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရေး၊ ငါးသားဖောက်နည်းပညာများနှင့် ငါးမွေးမြူရေး နည်းပညာများကို မွေးမြူရေး တောင်သူများအား ထိထိရောက်ရောက် နည်းပညာပေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဇီးဖြူကွက်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမောင်မြင့်၏ ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် မိတ္ထီလာကန် ရေဝင်ရောက်မှု၊ မြို့ရေပေးဝေမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒေသဝမ်းစာဖူလုံရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေ လိုအပ်ချက်အပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တောင်သူအကျိုးရှိစေမည့် သီးနှံပုံစံများ ချမှတ်ပေးရန်လိုအပ်ချက်များ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သက်သာချောင်ချိရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်