နေပြည်တော် နိုဝင်ဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ ပင်ဖြစ်ကျေးရွာသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရောင်ခြည်ဦး စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးခဲ့မှု အခြေအနေကို မေးမြန်းဆွေးနွေးသည်။
တွေ့ဆုံစဉ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပင်ဖြစ်ဒေသတွင် မျိုးစေ့ထုတ် မိုးစပါး စိုက်ဧက (၁၁၂) ဧကတွင် ရွှေရင်အေး၊ ရွှေအပ်စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း (၁၃၀) ထွက်ရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုကဲ့သို့ အထွက်နှုန်းတိုးရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးမှာကြားပြီး အသင်းပိုင် စပါးအခြောက်ခံစက်ကို စွမ်းအားပြည့် အသုံးချနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ စွမ်းထက် ကြက်ချေးအခြေခံ သဘဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး အရေအတွက် တိုးမြှင့် ထုတ်လုပ်ရေးနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားကာ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရပ်စောက်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၅) သိန်းဖြင့် နွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသော ရွာတော်ကျေးရွာသို့ ရောက်ရှိပြီး ထွန်းတောက်ကြယ် နွားမွေးမြူရေးအစုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်