ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ် နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း (Myanmar CDC) သည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိ နိုင်ငံတကာအဆင့်မီ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာန တစ်ခုဖြစ်ပြီး Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော (၃) ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အဦ၊ သင်တန်းသား /သင်တန်းသူ (၂၀၀) ခန့် ထားရှိလေ့ကျင့်သင်ကြားပေးနိုင်မည့် (၃) ထပ် ကျန်းမာရေး သင်တန်းကျောင်း အဆောက်အဦနှင့် (၂) ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦတို့ ပါရှိမည် ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကာ Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လယ်ဝေးမြို့ ပြည်သူ့ဆေးရုံ သို့လည်းကောင်း၊ ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း သွားရောက်ပြီး အရေးပေါ်လူနာဌာန၊ မျက်စိရောဂါ ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ဓာတ်မှန်ဆောင်၊ အရိုးကုသဆောင်၊ အထွေထွေရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ် ကုသဆောင်၊ ကလေးကုသဆောင်၊ ဆေးသိုလှောင်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်သူများ အကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်