နေပြည်တော်၊ နိုဝင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော်ရက်လုပ် ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ ကောင်စီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ဦးစွာ အခမ်းအနားကို “ နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင် က “ဇယမင်္ဂလာစာတမ်းလွှာ” ကို ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာ ရွှေမောင်းကို တီးခတ်၍ အချက် ပေးရာ ရက်ကန်းအဖွဲ့များက ရက်ကန်းစင်တော်များ၌ မသိုး ရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။ ထိုသို့ ရက်ကန်းအဖွဲ့များက ရက်ကန်းစတင်ရက်လုပ်သည်နှင့် တစ်ပြိုင်နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေကြပြီး အခမ်းအနား တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်တည်း လွှတ်တင်ကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ယိမ်း အကအလှများ၊ အိုးစည်ဒိုးပတ်များ၊ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် ဧည့်ပရိသတ်များသည် ရက်ကန်း စင်တော်ကိုးခုမှ ရက်ကန်းအဖွဲ့များ၏ မသိုးရွှေကြာသင်္ကန်း ရက်လုပ်နေမှုများကို ရက်ကန်းစင်တော်တစ်ခုချင်းစီ အလိုက် စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ကြည့်ရှုအားပေး
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညမီးကြီး မီးပုံးပျံများနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုများကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကာ ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည် ဖူးမြော်ကြည်ညို၍ တက်ရောက်လာကြသူများနှင့်အတူ ဆီမီး ၃၆၀၀ ကို အတူတကွ ထွန်းညှိ ပူဇော်ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူ များအား ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါ သမယအဖြစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်းများ၊ ဒေသထွက်မြန်မာ့ ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသ ရောင်းချလျက်ရှိသဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။
သတင်းစဉ်