NUG ၊ PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် အချို့သော EAOs အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အခြေအနေများ၊ ၂၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ မြင့်မားစေဖို့နဲ့ လူမှုစီးပွားဘဝ လုံခြုံတိုးတက်စေဖို့အတွက် အဓိကက လျှပ်စစ်စွမ်းအားကဏ္ဍဟာ အရေးကြီးပါတယ်။ NUG, PDF အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ အချို့သော EAOs အဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအပြင် လျှပ်စစ်ကဏ္ဍကိုလည်း ဖျက်လိုဖျက်ဆီးလုပ်နေတာကို တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်တဲ့ နေရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လျှပ်စစ် ဓာတ်အားပေးလိုင်းတွေ၊ တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲတာတွေ၊ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတွေကို အဝေးကနေ ပစ်ခတ်တာတွေ၊ Drop Bomb ချပြီး တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခု ပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ အဓိကဖြစ်ပါတယ်။
အဓိကအားဖြင့် ကယားပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လျှပ်စစ်စွမ်းအားကဏ္ဍသည် တစ်နိုင်ငံလုံး လိုအပ်တဲ့ အတိုင်းအတာအထိ ပေးနိုင်တဲ့လုံလောက်မှု မရှိသေးပါဘူး။ မလုံလောက်တဲ့ကြားကနေ နိုင်ငံတော်အစိုးရအနေနဲ့ အစိုးရအဆက်ဆက်အနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတဲ့ကြားက ဒီအဖျက်လုပ်ငန်းတွေကြောင့် လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ပျက်စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတွေ ပျက်စီးရခြင်းကြောင့် နိုင်ငံရဲ့ လူမှုစီးပွားဘဝသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲနဲ့ နှောင့်နှေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။
အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအရေးဆိုတာကို ဗန်းပြပြီး တစ်နိုင်ငံလုံး အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုတစ်ရပ်လုံးက သိရှိပြီး ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒီနေ့ထိတွေ့တိုက်ပွဲတွေ အခြေအနေကတော့ ရှမ်းပြည်နယ် (အရှေ့မြောက်) ဘက်မှာတော့ မူဆယ် (၁၀၅) မိုင်နားမှာ ထိတွေ့မှုတွေဖြစ်ပွားခဲ့တာ ရှိပါတယ်။ လောက်ကိုင်မြို့ကို ရှော့တိုက်ဒုံးနဲ့ မြို့ထဲကို ၄ လုံး လာပစ်ခဲ့ပါတယ်။ ကုန်းကြမ်းဘက်မှာလည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာ ရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ AA အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူလူထုကို စာထုတ်ပြီးတော့ မြို့ကနေ အမြန်ဆုံးထွက်ဖို့ဆိုပြီး ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။ ယခင်တုန်းကလည်း အလားတူပါပဲ။ ပေါက်တောမှာ ခြိမ်းခြောက်ပြီးတော့ မြို့နေလူထုကို အပြင်ထွက်ခိုင်းတာ၊ မြို့ထဲမှာ မနေခိုင်းတာမျိုး လုပ်ခဲ့ပါတယ်။ ပြီးရင်ဝါဒဖြန့်ချိမှုအနေနဲ့ ကယ်ထုတ်တယ်ဆိုတဲ့ဟာမျိုး အကြောင်းပြခဲ့တာဖြစ်ပါတယ်။ အခုလည်း ပုဏ္ဏားကျွန်းမှာ ဆက်လုပ်နေကြောင်းတွေ့ရပါတယ်။ အေးချမ်းစွာနေထိုင်လိုတဲ့ ရခိုင်ပြည်သူလူထုအနေနဲ့ AA နဲ့ ပတ်သက်လာပြီး၊ ဒီလိုနှင်ထုတ်တာတွေနဲ့ ပတ်သက်လာပြီးဆန့်ကျင်နေကြကြောင်း တွေ့ရပါတယ်။ စစ်ကိုင်း တိုင်းဘက်မှာတော့ ထီးလင်းမှာ ထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။ KIA, PDF အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ အဲ့ဒီထိတွေ့တိုက်ပွဲမှာ အကျအရှုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံး ပြန်လည်ပြီး အမြန်ဆုံးအေးချမ်းလာဖို့၊ တည်ငြိမ်လာဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။