နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန အမှတ်(၂) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွှယ်နေပြီး လက်ရှိတွင် နမ့်တဘက် ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ခြိမ်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်း လူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYO ထံက သိရသည်ဟု မဟုတ်မမှန် သတင်းများ တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည်ဆိုသည့် ရေးသားချက်မှာ မှားယွင်းနေပြီး တပ်တွင်း သတင်းရင်းမြစ်ထံက ဆိုသည့် “နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေကြောင်းသိရသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေကြောင်း၊ စက်ရုံမှအသုံးပြုမည့် ပင်းပက်သံသတ္တုသံရိုင်း (iron ore) တွင် ဟီမင်တိုက်နှင့် လီမွန်နိုက်ဟူသော သံရိုင်း အမျိုးအစားနှစ်မျိုးသာ အဓိကပါဝင်ပြီး ကျန်သတ္တုများတွင် ဆီလီကာနှင့်အလူမီနာ သတ္တုရိုင်းများ ရာခိုင်နှုန်းအနည်းငယ် ရောနှောပါဝင်လျက်ရှိကြောင်း၊ အထူးသဖြင့် နျူကလီးယားထုတ်လုပ်ရန် လိုအပ်သော ယူယေနီယမ်နှင့် ပလူတိုနီယမ် သတ္တုတို့ကို ရှာဖွေမတွေ့ရှိကြောင်း၊ ထို့အတွက် “နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေသည်” ဟူသော ရေးသားချက်မှာ လုံးဝမှားယွင်းနေပါကြောင်း၊ အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)ကို တစ်နှစ်လျှင် သံစိမ်းတန်ချိန် ၂၀၀၀၀၀ ထုတ်လုပ်ပြီး နိုင်ငံတော်၏ သံနှင့်သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအတွက် အဓိကလိုအပ်သည့် သံနှင့်သံမဏိ ထုတ်ကုန်များ ထုတ်လုပ်ပေးရန်၊ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သံ၊ သံမဏိ ထုတ်လုပ်မှုနည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ အသုံးပြုပြီး မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရန်တို့အတွက်ဖြစ်ကြောင်း သိရသည်။

 

စွပ်စွဲရေးသားချက်များသာဖြစ်

 

သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ စက်မှုကုန်ကြမ်းပစ္စည်းလိုအပ်ချက်များကို ပြည်တွင်းတွင် ဈေးနှုန်း ချိုသာစွာဖြင့် အသုံးပြုနိုင်ရေး ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိရာ ပြည်ဖျက် မီဒီယာများက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ပျက်စီးစေရန်နှင့် တိုင်းရင်းသားပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်များတွင် တစ်ဖက်သတ် စွပ်စွဲရေးသားချက်များသာဖြစ် ကြောင်း သိရသည်။

 

သတင်းစဉ်