ဆရာကြည်
(၁၂-၁၁-၂၀၂၃ ရက်နေ့မှအဆက်)
ဘုရားရှင်သည် ရာဟုလာအား အမေးအဖြေ လုပ်၍ တရားစကားကို အောက်ပါအတိုင်း ဟောကြားလေသည်။
(၁) “စက္ခုပသာဒ” ရုပ် အကြည်ဓာတ်သည် မြဲသလော၊ မမြဲသလောဟူ၍ မေးသည်။ မမြဲပါဟု ဖြေသည်။
ကြောင်းကျိုးဆက်စပ်၍ ထပ်၍မေးသည်။ မမြဲသော စက္ခုရုပ်အကြည်ဓာတ်သည် ဆင်းရဲ သလော၊ ချမ်းသာသလောဟူ၍ မေးသည်။ ဆင်းရဲ ကြောင်း ဖြေသည်။
မမြဲသော စက္ခုရုပ်အကြည်ဓာတ်သည် ငါ့ဥစ္စာ ဟု တဏှာဖြင့်လည်းကောင်း၊ ငါဟု မာနဖြင့်လည်းကောင်း၊ ငါ၏ အတ္တဟု ဒိဋ္ဌိဖြင့်လည်းကောင်း ဤသို့ လွဲချော်မှတ်သင့်သလောဟူ၍ မေးသည်။ မမှတ် သင့်ကြောင်း ဖြေကြားလေသည်။
(၂) ရူပါရုံနှင့် ပတ်သက်၍လည်းကောင်း၊ (၃) စက္ခုဝိညာဏ်နှင့် ပတ်သက်၍လည်းကောင်း၊ (၄) မျက်စိ၌ မှီ၍ဖြစ်သော အတွေ့စက္ခုသမ္ဖဿနှင့် ပတ်သက်၍လည်းကောင်း၊ (၅) ထိုစက္ခုသမ္ဖဿကို အကြောင်းပြု၍ ဖြစ်ပေါ်လာသမျှသော နာမ်ခန္ဓာ လေးပါးဖြစ်သည့် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် အစရှိသည်ကို မေးမြန်း၍ အရှင်ရာဟုလာအား ဖြေစေလေသည်။
ဤသို့အားဖြင့် စက္ခု=မျက်စိဖြင့် ပတ်သက် သော အထက်ဖော်ပြပါ ငါးချက်ကို မေး၊ ဖြေစေပြီး သည့်နောက်- သောတ=နား၊ ဃာန=နှာခေါင်း၊ ဇိဝှါ=လျှာ၊ ကာယ=ကိုယ်၊ မနော=စိတ်ဟူသော စသည်တို့နှင့်ပတ်သက်၍ အချက်ငါးချက်တို့ကို မေးမြန်း၍ အရှင်ရာဟုလာအား ဖြေစေလေသည်။
ဤသို့ဖြင့် အချက်တိုင်း၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တို့ဖြင့် သုံးသပ်ပြီး ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် သုံးကြိမ်၊ သုံးခါ မေးမြန်းဟောကြားတော် မူလေသည်။ ယင်းဒေသနာတော်ကို “တေပရိဝဋ္ဋဓမ္မ ဒေသနာ”ဟု ခေါ်တွင်သည်။
(၁) စက္ခုပသာဒ + ရူပါရုံ + စက္ခုဝိညာဏ် + စက္ခုသမ္ဖဿ + နာမ်ခန္ဓာလေးပါး စသည် တို့ကို ငြီးငွေ့စေသည်။
(၂) ထို့အတူ သောတပသာဒ + သဒ္ဒါရုံ + သောတဝိညာဏ်+သောတသမ္ဖဿ+နာမ် ခန္ဓာလေးပါး စသည်တို့ကို ငြီးငွေ့စေသည်။
(၃) ထို့အတူ ဃာနပသာဒ + ဂန္ဓာရုံ + ဃာန ဝိညာဏ် + ဃာနသမ္ဖဿ + နာမ်ခန္ဓာ လေးပါး စသည်တို့ကို ငြီးငွေ့စေသည်။
(၄) ထို့အတူ ဇိဝှါပသာဒ + ရသာရုံ + ဇိဝှါ ဝိညာဏ် + ဇိဝှါသမ္ဖဿ + နာမ်ခန္ဓာ လေးပါး စသည်တို့ကို ငြီးငွေ့စေသည်။
(၅) ထို့အတူ ကာယပသာဒ + ဖောဋ္ဌဗ္ဗာရုံ + ကာယဝိညာဏ် + ကာယသမ္ဖဿ + နာမ် ခန္ဓာလေးပါး စသည်တို့ကို ငြီးငွေ့စေသည်။
(၆) ထို့အတူ မနောပသာဒ + ဓမ္မာရုံ + မနော ဝိညာဏ် + မနောသမ္ဖဿ + နာမ်ခန္ဓာ လေးပါး စသည်တို့ကို ငြီးငွေ့စေသည်။
ဤသို့အားဖြင့် တစ်ခုကို (၅) ချက် ခြောက်ခု ရှိသောကြောင့် အချက် ၃ဝ ၌ တပ်မက်ခြင်းကင်း ပြီး ငြီးငွေ့စေသည်။ ဤသို့အားဖြင့် ကိလေသာတို့မှ လွတ်မြောက်စေသည့် ပစ္စဝေက္ခဏာ အသိဉာဏ်ရစေသည်။ ထို့ကြောင့် ပဋိသန္ဓေနေခြင်းမဖြစ်ဘဲ ကုန်ခန်းစေသည်။ ပြုဖွယ်ကိစ္စမဂ်ကို ပြုစေ၍ ပစ္စဝေက္ခဏာဉာဏ်ဖြစ်စေရန် အသေးစိတ် ဟောကြား တော်မူသည်။ ဤသို့အားဖြင့် ဘုရားရှင်သည် ရာဟု လာအား စူဠရာဟု လောဝါဒသုတ်တော်ကို ဟောကြား ပြီးနောက် အရှင်ရာဟုလာသည် ရဟန္တာဘဝသို့ ရောက်လေသည်။ ဘုရားရှင်၏ တရားဟောရာနေရာသို့ လာရောက် ကြကုန်၍ တရားနာကြသည့် နတ်ဗြဟ္မာအပေါင်းသည် မဂ်လေးပါးတစ်ခုစီကို ရကြလေကုန်သည်။
ရှားတော၌နေသော ရှင်ရေဝတသာမဏေ
အရှင်သာရိပုတ္တရာသည် (၁၈) ကုဋေပစ္စည်း ဥစ္စာများကို စွန့်၍ရဟန်းပြုခဲ့ပြီးသောအခါ၌ သူ၏ ညီမသုံးဦးနှင့် ညီသုံးဦးတို့အနက် အငယ်ဆုံးညီငယ် “ရေဝတ” တစ်ဦးသာချန်၍ ကျန်ငါးဦးကို ရဟန်းပြုစေခဲ့လေသည်။ သူသည် သူ၏ရဟန်းတို့ကို ရှေ့ကပင် သူ့ညီရေဝတ ရဟန်းပြုရန်လာလျှင် ရဟန်းပြု ပေးကြပါဟု မှာထားခဲ့သည်။ အရှင်သာရိပုတ္တရာ၏ မိဘများသည် မိစ္ဆာအယူရှိကြသူများဖြစ်သဖြင့် ရဟန်းပြုပေးမည်မဟုတ်။ သူသာလျှင် ရေဝတ၏ အမိလည်းဟုတ်သည်၊ အဘလည်းဟုတ်သည်ဟု မှာထားခြင်းဖြစ်ပါသည်။
တစ်နေ့သ၌ ရေဝတသည် အသက် (၁၂ဝ) ရှိသော အဘွားအိုတစ်ယောက်၏ရုပ်လွှာ ဆံဖြူ၊ သွားကျိုး၊ အရေတွန့်လိမ်၊ မည်းမည်းခြောက်ခြောက်၊ နံရိုးအပြိုင်းပြိုင်း၊ ခါးကိုင်းရှိသည်ကို မြင်ရ၍ အိုခြင်း၏ သံဝေဂရသည်။ ထို့ကြောင့် ၎င်းသည် အိမ်မှ ရဟန်းဝတ်ရန် ရဟန်းအပါး ၃၀ နေသော ကျောင်းသို့ ရောက်သွားလေသည်။
ရေဝတက သူသည် အရှင်သာရိပုတ္တရာ၏ ညီဖြစ်ကြောင်းပြော၍ သူ့အားရဟန်းပြုပေးရန် ရဟန်းတို့အား ပြောကြားလေသည်။ ရဟန်းတို့ကလည်း အရှင်သာရိပုတ္တရာ မှာကြားထားသည့်အတိုင်း ၎င်းအား ရှင်ပြုပေးပြီး အရှင်သာရိပုတ္တရာထံသို့ အကြောင်းကြားလိုက်ပါသည်။ ရေဝတသည် ဤကျောင်း၌နေလျှင် သူ့အား ဆွေမျိုးကလာပြီး လူဝတ်လဲရန် နှောင့်ယှက်မည်ကိုစိုး၍ အရဟတ္တ ဖိုလ်ပေါက်သည့် ကမ္မဋ္ဌာန်းများကို သင်ယူပြီး ယူဇနာ ၃ဝ ဝေးသော ရှားတောသို့သွား၍ တရားအားထုတ် လေသည်။ ယင်းဝါတွင်းမှာပင် ရဟန္တာဖြစ်သွားလေသည်။
ထိုသို့ဖြင့် အရှင်သာရိပုတ္တရာသည် ဝါကျွတ်သော သီတင်းကျွတ်လပြည့်နေ့၌ သူသည် သူ့ညီအရှင်ရေဝတထံသို့ သွားရောက်ရန် ဘုရားထံ၌ ခွင့်ပန်လေသည်။ ဘုရားရှင်ကလည်း အရှင်သာရိ ပုတ္တရာနှင့် အတူလိုက်မည်ဖြစ်ကြောင်း၊ ရဟန်း အပေါင်းခြံရံလျက် ခရီးထွက်ကြလေသည်။ ဤသို့ ခရီးဆက်ရာတွင် လမ်းနှစ်မြွှာတွေ့ပါသည်။ ဘယ်လမ်းကို သွားရမလဲဟု ဘုရားရှင်အား အရှင်အာနန္ဒာက လျှောက်ထားလေသည်။ တစ်ဖန် ဘုရားရှင်က အရှင်အာနန္ဒာအား ဘယ်လမ်းသည် မကွေ့မကောက် ဖြောင့်တန်းသလဲမေးသည်။
အရှင်အာနန္ဒာက ဤဖြောင့်တန်းသောလမ်းသည် ယူဇနာသုံးဆယ် ဝေးပါသည်။ နတ်ဘီလူးများ အုပ်စိုး၍ အစာရေစာ ရှားပါးပြီး အလွန်အန္တရာယ် များပါသည်။ တခြားလမ်းကမူ ယူဇနာခြောက်ဆယ်ရှိသည်။ ဘေးရန်ကင်းကွာ၍ အစာရေစာလည်း ပေါများပါသည်ဟု လျှောက်ထားလေသည်။
ထိုအခါ ဘုရားရှင်က အရှင်အာနန္ဒာအား ငါဘုရားနှင့် အရှင်သီဝလိတစ်ပါးရောပါရဲ့လားဟု မေးမြန်းလေသည်။ လိုက်ပါလာကြောင်း အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားပါသည်။ ဘုရားရှင်က အစာရေစာရှားပါးသည့် ဖြောင့်တန်းသည့် လမ်းကို ရွေးသောကြောင့် အရှင်သီဝလိ၏ကောင်းမှု တန်ခိုးကို စုံစမ်းကုန်အံ့ဟု အရှင်အာနန္ဒာအား မိန့်ကြားလေသည်။
ဤသို့ဖြင့် အန္တရာယ်များ၍ ဘေးရှိပြီး အစာရေစာရှားပါသည့် ဖြောင့်တန်းသောလမ်းကို ရွေးချယ်ကာ ဘုရားရှင်နှင့်တကွ ရဟန်းအပေါင်း ကြွသွား ကြလေသည်။ ယင်းသို့သွားသောအခါ နတ်တို့က တစ်ယူဇနာအရပ်၌ မြို့ကြီးများ ဖန်ဆင်း၍ ကျောင်းများ ဖန်ဆင်းထားသည်။ ဘုရားရှင်များ နေထိုင်ရန် ပြုဆောင်ထားကြပါသည်။ ကျောင်းတိုက်မြို့တွင် နတ်တို့သည် မင်းမှစေလွှတ်၍ အမှုထမ်းများအသွင်ဖြင့် ယာဂုဆွမ်းဘောဇဉ်တို့ကို ယူဆောင်ကာ အရှင်သီဝလိအား မေးမြန်း၍ လှူဒါန်းကြပါသည်။ အရှင်သီဝလိကလည်း ဘုရားရှင်နှင့် ရဟန်းတို့အား ယင်းဘောဇဉ်တို့ကို ပြန်လည် ကပ်လှူဒါန်းလေသည်။ ဤသို့ဖြင့် အရှင်သီဝလိ ကပ်လှူသောဆွမ်း ဘောဇဉ်တို့ကို ဘုရားအမှူးရှိသော ရဟန်းတို့သည် သုံးဆောင်၍ တစ်နေ့တစ်ယူဇနာဖြင့် ကြွမြန်းတော်မူခဲ့ရာ အရှင်ရေဝတ သီတင်းသုံးနေသော ရှားတောသို့ ရောက်သွားကြလေသည်။ ဤသို့လာမည်ကို သိသော အရှင်ရေဝတသည် ဘုရားရှင်သီတင်းသုံး ရန် ဂန္ဓကုဋိတိုက်နှင့် ရဟန်းတို့ သီတင်းသုံးရန် ကျောင်းများ တင့်တယ်စွာဖန်ဆင်းထားလေသည်။ ၎င်းတို့လည်း သူတို့အားပေးထားသော နေရာ ထိုင်ခင်းကျောင်းများတွင် ဝါစဉ်အလိုက် နေထိုင်ကြသည်။ ဘုရားရှင်ကလည်း ဂန္ဓကုဋီတိုက်၌ ဝင်ရောက်နေကြလေသည်။
ထိုအခါ နတ်တို့သည် ဘုရားရှင်နှင့် ရဟန်းတို့အား ဆွမ်းဘုဉ်းပေးချိန်၌ ဆွမ်းဘောဇဉ်များ ကပ်ကြသည်။ နေ့လွဲအခါ ဖျော်ရည်များ ကပ်လှူကြပါသည်။ ဘုရားရှင်သည် ထိုအရပ်၌ သီတင်းသုံးတော်မူပြီး အရှင်ရေဝတအား တရားဆုံးမဟောကြားခဲ့လေသည်။ ထိုမှတစ်ဆင့် ဘုရားရှင်နှင့် ရဟန်းတို့သည် ခရီးဆက်ကြွရာ ဆွမ်းဘောဇဉ်များကို အရှင်သီဝလိတန်ခိုးဖြင့် သုံးဆောင်ကြရပါသည်။ အဆင်ပြေချောမောကြပါသည်။
သာဝတ္ထိပြည်သို့ ဘုရားရှင်နှင့်တကွ ရဟန်း များရောက်သောအခါ ဝိသာခါကျောင်းအစ်မကြီးက အိမ်သို့ပင့်ဖိတ်၍ ဆွမ်းဘောဇဉ်ကပ်ကြလေ သည်။ ဝိသာခါကျောင်းအစ်မကြီးသည် ဘုရားနားသို့ ချဉ်းကပ်၍ ရှားတောမှ အရှင်ရေဝတနေသော ကျောင်းသင်္ခမ်းနေရာသည် မွေ့လျော်ဖွယ်ကောင်း ပါလောဟု မေးလျှောက်လေသည်။ ဘုရားရှင်က သူတော်ကောင်းတို့နေသော အရပ်သည် မွေ့လျော် သည်ဖြစ်စေ၊ မမွေ့လျော်သည်ဖြစ်စေ၊ မွေ့လျော်ရာ အရပ်ဟု မည်ပေသည်ဟု ပြန်လည်မိန့်မြွက်လေသည်။
ဘုရားရှင်သည် ဝိသာခါအား ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ ချိုင့်ဝှမ်း၌ဖြစ်စေ၊ ကုန်းမြင့်၌ ဖြစ်စေ အကြင်အရပ်တို့၌ ရဟန္တာပုဂ္ဂိုလ်များ နေထိုင်ကြကုန်သည်။ ၎င်းတို့နေထိုင်သောအရပ်သည် မွေ့လျော်စွာအရပ်၌ နေပေတည်းဟူ၍ ဟောကြားလေသည်။
အခြားသော ရဟန်းတို့သည် တောတောင်၊ ကျောင်းတို့၌ နေကြသည်ရှိသော သပ္ပာယမျှတဖြစ်သော ဆွမ်းခံရွာ၊ နီးသည့်အရပ် ရွေးချယ်သတ်မှတ် နေလေ့ရှိကြပါသည်။ ဤအရှင်ရေဝတသည် အခြားရဟန်းတို့နှင့်မတူ ထူးခြားစွာ သပ္ပာယမျှ၊ မမျှမရွေး၊ ဂရုမပြုဘဲ မြေပြင်ညီညွတ်သည်ဖြစ်စေ၊ မညီညွတ်သည်ဖြစ်စေ ဤကြမ်းတမ်းသော ရှားတော၌ နေထိုင် ခြင်းဖြစ်ကြောင်း ဘုရားရှင်က ရှင်းပြ မိန့်မြွက်လေသည်။
(ဆက်လက်ဖော်ပြပါမည်)