လင်းလက်ကြယ်
Diphtheria လို့ ခေါ်တဲ့ ဆုံဆို့နာရောဂါဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ဖြစ်ပွားတာ ရှားပါးနေပြီဆိုသော်ငြား အချို့နိုင်ငံတွေမှာတော့ အသိပညာပေးလှုပ်ရှားမှု နည်းပါးခြင်း၊ ကာကွယ်ဆေးထိုးနှံမှု နည်းပါးခြင်း စတဲ့အကြောင်းခြင်းရာတွေကြောင့် အနည်းနဲ့အများဆိုသလို ရောဂါကူးစက် ဖြစ်ပွားနေဆဲပါပဲ။ အထူးသဖြင့် အာဖရိကတိုက်ရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာဆိုရင် ဆုံဆို့နာရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ အဖြစ်များလာနေပါတယ်။
ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်ပွား
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်ရဲ့ လူစည်ကားရာ ရပ်ကွက်တွေမှာ ဆုံဆို့နာရောဂါဟာ တိတ်တဆိတ်အဖြစ်များလာနေပြီး တစ်နေ့တခြား သေဆုံးသူ များပြားလာတဲ့အတွက် ဒေသခံလူထု အသိုင်းအဝိုင်းကြားမှာ ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်ပွားလျက်ရှိပါတယ်။ လူတစ်ဦးရဲ့ နှာခေါင်း၊ လည်ချောင်း၊ တစ်ခါတစ်ရံ အရေပြားတို့ကနေ ကူးစက်တဲ့ ပြင်းထန်ဗက်တီးရီးယားကူးစက်မှု ဆုံဆို့နာရောဂါဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ပြန်လည် ဖြစ်ပွားနေတာပါ။
နိုင်ဂျီးရီးယားနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ကာနိုပြည်နယ်ရဲ့ ရပ်ကွက်တွေအတွင်းမှာ ဆုံဆို့နာ ရောဂါ အလွန်အဖြစ်များလာတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရဲ့ ဗဟိုချက်အဖြစ်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှု နည်းပါးခြင်း၊ နားလည်မှု လွဲမှားခြင်း၊ ယုံမှားသံသယဖြစ်ခြင်းတို့ကြောင့်လည်း ကာကွယ်ဆေးထိုးနှံဖို့ တုံ့ဆိုင်းနေပြီး ရောဂါတိုက်ဖျက်ရေးမှာ ထိရောက်သင့်သလောက် မထိရောက်တာလည်း ဖြစ်ပါတယ်။
ဆုံဆို့နာအတည်ပြုရောဂါဖြစ်ပွားသူလူဦးရေ ၈၄၀၀ ကျော်ရှိ
နိုင်ဂျီးရီးယားရောဂါ ထိန်းချုပ်ရေးစင်တာ (အင်န်စီဒီစီ) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် နိုင်ငံအတွင်း လက်ရှိအချိန်အထိ ဆုံဆို့နာ အတည်ပြုရောဂါဖြစ်ပွား သူလူဦးရေ ၈၄၀၀ ကျော်ရှိတဲ့အနက် ကာနိုပြည်နယ်တစ်ခုတည်းမှာတင် ၇၁၈၈ ဦးရှိတာကြောင့် ရောဂါဖြစ်ပွားသူ စုစုပေါင်းရဲ့ ၈၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ပြည်နယ် ၃၆ ခုအနက် ၁၉ ခုထက်မနည်းမှာ ရောဂါဖြစ်ပွားမှုနဲ့ ရင်ဆိုင်ရလျက်ရှိပါတယ်။
ယိုဘီ၊ ကတ်ဆီနာ၊ ဘော်နို၊ ဂျီဂါဝါနဲ့ ကာဒူနာ အပါအဝင် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးထိခိုက် ခံစားရတဲ့ ပြည်နယ်တွေအားလုံးဟာ နိုင်ငံရဲ့ မြောက်ဘက်အခြမ်းမှာ တည်ရှိနေတာပါ။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ဆုံဆို့နာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာလမှာ ကလေးငယ်အများစုအပါအဝင် အဲဒီရောဂါကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးပြီး ဖြစ်တယ်လို့ အင်န်စီဒီစီက ပြောပါတယ်။
ကလေးငယ်အများစု ဆုံဆို့နာ ကာကွယ်ဆေး မထိုးနှံထားရသေး
အဲဒီလိုသေဆုံးသူ အရေအတွက်ဟာ ၂၀၁၁ ခုနှစ် က နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အရေအတွက်ကို ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ဆုံဆို့နာရောဂါဖြစ်ပွားသူ ၉၈ ဦးနှင့် သေဆုံးသူ ၂၁ ဦးသာရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရောဂါဖြစ်ပွားမှုအတွင်းမှ ကလေးငယ်အများစုဟာ ဆုံဆို့နာ ကာကွယ်ဆေးမထိုးနှံထားရ သေးကြောင်း ကာနိုပြည်နယ်၌ ဆုံဆို့နာ သီးသန့်ခွဲခြားထားသောစင်တာသို့ မကြာသေးမီက သွားရောက် လည်ပတ်စဉ်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်၊ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲဟောင်းတစ်ဦးလည်း ဖြစ်သူ ဖိုင်စဲလ်ရှူအစ်ဘ်က မီဒီယာကို ပြောပါတယ်။
ဆုံဆို့နာရောဂါကို တိုက်ဖျက်ရေးအတွက် ရောဂါကူးစက်ဖြစ်ပွားနေသော ပြည်နယ်တွေအနေဖြင့် ကာကွယ်ဆေး ထိုးနှံမှုနဲ့ပတ်သက်ပြီး ချီတုံချတုံ ဖြစ်နေတဲ့သူတွေကို ကာကွယ်ဆေးထိုးနှံလာစေရေး ပညာပေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်စတင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒဏ္ဍာရီတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ ယုံမှားသံသယ ဖြစ်မှုတွေက နိုင်ဂျီးရီးယားနိုင်ငံရဲ့ အချို့နေရာတွေ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုရရှိရေးမှာ သိသာထင်ရှားတဲ့ အတားအဆီးတစ်ခုအဖြစ် ရှိနေတယ်လို့ အင်န်စီဒီစီအကြီးအကဲ အီဖက်ဒယို အဒီတီဖာက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
တိကျတဲ့သတင်းအချက်အလက်တွေ ပေးဆောင်ဖို့ရည်ရွယ်သင့်
လက်ရှိမှာ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီး အဲဒီအယူအဆ အလွဲအမှားတွေကို အမျိုးသားရောဂါ ဆိုင်ရာစီမံခန့်ခွဲမှု အသင်းအဖွဲ့မှတစ်ဆင့် ချေဖျက်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိတယ်လို့ ၎င်းကဆက်ပြောပါတယ်။ သတင်းအမှားတွေထက် သိပ္ပံနည်းကျအထောက်အထားတွေကို အခြေခံပြီး အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို တစ်ဦးချင်းစီ ချမှတ်နိုင်ဖို့အတွက် ရောဂါဖြစ်ပွားနေတဲ့ ပြည်နယ်တွေမှာ ပညာပေးလှုပ်ရှားသူတွေအနေနဲ့ ကာကွယ် ဆေးတွေအကြောင်း၊ အဲဒီဆေးတွေရဲ့ အကျိုးအာနိသင်အကြောင်း၊ အသေးစိတ်စမ်းသပ်မှုတွေ အကြောင်းနဲ့ ၎င်းတို့လုပ်ဆောင်ခဲ့တဲ့ ဘေးကင်းရေး ပရိုတိုကောလ်တွေအကြောင်းကို တိကျတဲ့သတင်း အချက်အလက်တွေ ပေးဆောင်ဖို့ ရည်ရွယ်သင့်တယ် လို့ ၎င်းက ပြောပါတယ်။
စက်တင်ဘာလက ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံ လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းသာလျှင် ဆုံဆို့နာအပြင် အခြားအသက်အန္တရာယ်ရှိတဲ့ ရောဂါလေးမျိုးမှ ကာကွယ်ပေးနိုင်တဲ့ ငါးမျိုးတွဲကာကွယ် ဆေး (pentavalent vaccine ) ကို ထိုးနှံထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လူထုအသိုက်အဝန်းကို အကာအကွယ်ပေးဖို့ နဲ့ နိုင်ငံအတွင်းအနာဂတ်မှာ ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေဖို့အတွက် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို အနည်းဆုံး နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထိုးနှံရေးလုပ်ဆောင်ဖို့ နိုင်ဂျီးရီးယားနိုင်ငံကို တိုက်တွန်းထားပါတယ်။
ထိန်းချုပ်ဟန့်တားရေး အစီအမံတွေစတင်
နိုင်ဂျီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်သူ့ကျန်းမာရေးအကျပ်အတည်းပေါ် နိုင်ငံတကာကစိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာကြောင့် ဒေသဆိုင်ရာအာဏာပိုင်တွေက ရောဂါကူးစက်မှု အဖြစ်အများဆုံး ဒေသတွေဆီကို ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့တွေ စေလွှတ်ပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားရေး အစီအမံတွေကို စတင်လိုက် ပါတယ်။
အကူအညီပေးရေး အဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့မှုတွေကနေ ကျွမ်းကျင်မှုရရှိတဲ့ အထိ ကူညီပံ့ပိုးပေးရေးမှာ အရေးကြီးကြောင်း၊ ရောဂါတိုက်ဖျက်ရေးမှာ ပြီးဆုံးဖို့ ဝေးသေးကြောင်းနဲ့ လူ့အသက်သေဆုံးမှုတွေ ထပ်မံမြင့်တက်လာနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးပညာရှင် ဟွာဝါ ဟာဆန်းက ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ပါ ရင်ဆိုင်နေရ
နိုင်ဂျီးရီးယားနိုင်ငံမှာ ဆုံဆို့နာရောဂါအပြင် ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ ကလေးငယ် သန်း ၁၀၀ လောက် ခံစားနေရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ထိခိုက်လွယ်တဲ့ ကလေးငယ်သန်း ၁၀၀ ခန့် ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)ရဲ့ မကြာသေးခင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အပူချိန်မြင့်တက်လာခြင်းရဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်နေကြ
ကလေးငယ်တွေ ရာသီဥတုပြောင်းလဲမှုဒဏ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အထိခိုက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးငယ်သန်း ၁၀၀ ခန့်မှာ အပူချိန်မြင့် တက်လာခြင်းရဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင် နေကြရကြောင်း နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်ရှိ ယူနီဆက်ဖ်ဆိုင်ရာ ကွင်းဆင်း အရာရှိဖြစ်သူ ဖာရာမာမွတ်က နိုဝင်ဘာ ၂၀ ရက်မှာ မီဒီယာကို ပြောကြားထားပါတယ်။
ဒါ့အပြင် ယူနီဆက်ဖ်ရဲ့ တရားဝင်ထုတ်ပြန်ချက် မှာ ကမ္ဘာတစ်ဝန်း ရာသီဥတုအကျပ်အတည်းရဲ့ သက် ရောက်မှုတွေကို အလွန်အမင်းအန္တရာယ်မြင့်မားမှုနဲ့ ကလေးငယ် တစ်ဘီလီယံခန့် ရင်ဆိုင်နေကြရကြောင်းလည်း ဖော်ပြထားပါတယ်။ နိုင်ဂျီးရီးယား ကလေးငယ်တွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်အပြင် ရေကြီးရေလျှံမှု၊ မိုးခေါင်မှုနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း ၎င်းကပြောသည်။
ကိုးကား - ဆင်ဟွာ