ရန်ကုန်၊ နို၀င်ဘာ ၂၇

 

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

 

ဦးစွာ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေး၀တ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဂေါပကရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာ ပြည်သူများသည် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် ကထိန်ရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ကထိန်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များက အာရုံခံ တန်ဆောင်း မုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားတို့အား ကထိန်ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

 

ဆက်လက်၍ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကို ရှေး ဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်၀တ္တုများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက်   ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၀င် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒွိပိဋကဓရ ဝိနယဒီဃနိကာယပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းလောင်း အမျှပေး​ဝေကြကာ သြဝါဒါစရိယ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

 

mdn

 

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၏ (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပရာ ဂေါပကအဖွဲ့၀င်များက စေတီတော် ပရ၀ဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ကထိန်ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ အနုမောဒနာတရားနာ နာယူကြပြီး  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

 

အလားတူ သင်္ဂါယနာ သာသနာ့သမိုင်း၀င် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကြီး၏ (၂၃) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ဂေါပက အဖွဲ့၀င်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (ကျောက်မဲ ဆရာတော်) ဘဒ္ဒန္တစန္ဒနသာရထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြ၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီးနှင့် ဂေါပကအဖွဲ့၀င်များသည် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  ကျောက်မဲဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေး​ဝေကြသည်။

 

mdn

 

အလားတူ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ၀ရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်း၀င်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမု စေတီတော်တို့တွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်ပြီး စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးအသင်းအဖွဲ့များက တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြကာ သာမညဖလ သုတ္တန် ဒေသနာတော်များကို ရွတ်ဖတ် မေတ္တာပို့ ဆုတောင်းကြသည်။

 

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘုရားစေတီများ၌ မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ သာမညဖလအခါတော်နေ့ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန် အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

 

တန်ဆောင်မုန်းလပြည့်နေ့ မီးထွန်းပွဲတော်တွင်လည်း ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့် လူနေအိမ်များ၌ လျှပ်စစ်ရောင်စုံ မီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြပြီး လမ်းအလိုက်နိဗ္ဗာန်စျေးပွဲတော်များကို စည်ကားစွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်

သတင်း၊ဓာတ်ပုံ-ကိုကိုဇော်