မန္တလေး၊ နိုဝင်ဘာ ၂၇

 

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့အနှံ့ စည်ကားများပြားလျက်ရှိသည်။

 

နံနက် အာရုဏ်တက်ချိန်မှ စတင်၍ မန္တလေးမြို့ရှိ ဘုရား၊ စေတီပုထိုးများ၊ ဓမ္မာရုံများ၌ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ပွဲများကျင်းပခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ခြင်းများကို အစဉ်အလာမပျက် ကျင်းပသည်။

 

ထိုသို့ ကျင်းပလျက်ရှိရာ မန္တလေးမြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများပါ လာရောက်ကုသိုလ်ပြု ပါဝင်ဆင်နွှဲကြပြီး အသင်းအဖွဲ့အလိုက်၊ မိသားစုအလိုက် ကထိန်ပွဲတော်များကို သက်ဆိုင်ရာ ကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခင်းကျင်း၍ ရေစက်ချလှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် မန္တလေးမြို့တစ်ခွင် စည်ကားခဲ့သည်။

 

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိဘုရားကြီးအား ယနေ့နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များ အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မသိုးမြတ် သင်္ကန်းတော် ဆက်ကပ်လှူဒါန်းကြသည်။

 

mdn

 

ထို့ပြင် ရဟန်းရှင်လူ ပြည်သူများကလည်း ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဘာဝနာ အားထုတ်ကြခြင်းများဖြင့် စည်ကားခဲ့သည်။

 

အလားတူ မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား‌၊ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဝေရောစန ကျောက်စိမ်း‌စေတီတော် စသည့်တန်ခိုးကြီးဘုရား စေတီတော်တို့တွင်လည်း ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော်ခြင်း၊ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည့်အပြင် အလှူရှင်များက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများအား စတုဒိသာ အာဟာရ ကျွေးမွေးကုသိုလ်ပြုကြခြင်းဖြင့် မြန်မာတို့၏ သဒ္ဒါတရား ထက်သန်မှု စိတ်ရင်းများကို ပုံဖော်ခဲ့ကြသည်။

 

ညပိုင်းတွင်လည်း ဘုရားစေတီများ၌ ဆီမီးပူဇော်ပွဲများ ကျင်းပခြင်း၊ မီးပုံးပျံများ  လွှတ်တင်ခြင်း၊ နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ခြင်းများဖြင့် မန္တလေးမြို့၏ တန်ဆောင်တိုင်လပြည့်‌နေ့ည အလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး မဲဇလီဖူးသုတ် ဒါနပြုကြသူများ၊ ပံ့သကူလို က်လံကောက်ကြသူများဖြင့် စည်ကားခဲ့သည်။

 

ထို့ပြင် မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်ရှိ အပန်းဖြေစခန်းများ၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဉီးပိန်တံတားတို့တွင်လည်း လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားခဲ့သည်။

 

မောင်အေးချမ်း