ညောင်တုန်း ၂၁ ဖေဖော်ဝါရီ       

 

မအူပင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် ညောင်တုန်းမြို့နယ် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းပြီး ညောင်တုန်းမြို့ပေါ်ရှိ မုန့်ဟင်းခါးဖတ် ထုတ်လုပ်သော မုန့်ဟင်းခါးဖိုလုပ်ငန်းများနှင့် သကြားလုံးထုတ်လုပ်သော လုပ်ငန်းများအား ကျန်းမာရေးနှင့် ညီညွတ်စွာထုတ်လုပ်ခြင်း၊ သန့်ရှင်းစွာထားရှိခြင်းနှင့် ဓာတုဗေဒဆေးဝါးများပါဝင်ခြင်းရှိ၊ မရှိတို့အား ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီခွဲက ရှောင်တခင်စစ်ဆေးခဲ့သည်။

 

1.6

 

ရှောင်တခင် စစ်ဆေးရာတွင် မအူပင်ခရိုင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ဦးစီးအရာရှိ ဒေါက်တာ မြတ်ခိုင်အောင်က စားသုံးသူများကို အလွန်အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေး များအား  မုန့်ဟင်းခါးဖတ်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုထားခြင်းရှိ မရှိနှင့် သကြားလုံးများတွင်လည်း တားမြစ်ထားသော ဆိုးဆေးများအား အသုံးပြုထားခြင်းရှိ၊ မရှိကို ယခုလို မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စစ်ဆေးရခြင်းဖြစ်ကြောင်းပြောကြားသည်။

 

1.9

 

ထို့နောက် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၈ နှင့် ၁/၂၀၁၉ တို့အား လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းပြောကြားခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အကြောင်းနှင့် စားသုံးသူများနစ်နာမှုရှိပါက တိုင်းကြားနိုင်သည့် နည်းလမ်းများကို ပြောကြားခဲ့သည်။

 

အဆိုပါရှောင်တခင်စစ်ဆေးရာတွင် မအူပင်ခရိုင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်ပြီး ညောင်တုန်းမြို့ပေါ်ရှိ မုန့်ဟင်းခါးဖိုလုပ်ငန်းများနှင့် သကြားလုံး လုပ်ငန်းများမှ ထုတ်လုပ်နေသော မုန့်ဟင်းခါးဖတ်များနှင့် သကြားလုံးများအား ဈေးကွက်နမူနာကောက်ယူပြီး ဓာတ်ခွဲစမ်းသပ် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)