နေပြည်တော်၊ နိုဝင်ဘာ  ၂၇ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအစိုးရ ဥက္ကဋ္ဌ Mr. YAN JINHAI  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ JASMINE NAYPYITAW ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်ခရီးသွား ဧည့်သည်များလာရောက်လည်ပတ်မှု၊ Visa on Arrival ခွင့်ပြုပေးထားမှု၊ တရုတ်နိုင်ငံရှိ မီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေမှု၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ ခရီးသွားများ အပြန်အလှန်သွားလာလည်ပတ်ရေးနှင့် ဘုရားဖူးခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအစိုးရဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်