နေပြည်တော်၊ နိုဝင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် အရုဏ်တက်မင်္ဂလာအချိန်တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက မသိုးရွှေကြာ သင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။
တက်ရောက်
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး ဗုဒ္ဓ သရဏံ ဂစ္ဆာမိ အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက မသိုးရွှေကြာသင်္ကန်းတော် ကိုးထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ ပင့်ဆောင်သည်။ ယင်းနောက် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ ပင့်ဆောင်နေချိန်၌ ဝတ်အသင်း အဖွဲ့များက ဘုရားဂုဏ်တော် ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် မသိုးရွှေကြာသင်္ကန်းတော် ကိုးထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍စုစည်းခြင်းများကို ဆောင်ရွက်ကြပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က မသိုးရွှေကြာသင်္ကန်းတော် ကိုးထည်ကို ဆက်ကပ်လှူဒါန်းပြီး ဥပါသကာများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက်ဆက်ကပ် ပူဇော်သည်။ ထိုသို့ဆက်ကပ်ပူဇော်နေချိန်တွင် အခမ်းအနားမှူးက မသိုးရွှေကြာ သင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာစာတမ်းကို ရွတ်ဖတ်ပူဇော်သည်။

ကုသိုလ်အမျှပေးဝေ
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီး ပန်းမန်၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကာ သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များနှင့် ၃၁ ဘုံသားတို့အား မေတ္တာပြု၍ ကုသိုလ်အမျှ ပေးဝေငှကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလ အခါသမယတွင် ကျင်းပလေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့ အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်း ဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ်အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ယခုနှစ်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယစေတီတော်မြတ်ကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစု အမှူးပြုသည့် ခုနစ်ရက်သားသမီး များက ပထမဦးဆုံးအကြိမ် ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်