နေပြည်တော်၊ နိုဝင်ဘာ ၂၇
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သကဲ့သို့ မြန်မာ့ ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လ ရာသီ ပွဲတော်များအနက် တန်ဆောင်မုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရား ထက်သန်မှု၊ ဘာသာတရား ကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ်သည်။
ယနေ့ ကျရောက်သည့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် ဘုရားဖူးလာရောက်ကြသူများ၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသူများ၊ ဥပုပ်သီလ ဆောက်တည်ကြသူများ၊ ကထိန်လျာ သင်္ကန်းကပ်လှူကြသူများ၊ ကုသိုလ်ဒါနသီလ ပွားများကြသူများဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၅) ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို အဆိုပါစေတီ လိုဏ်တော်အတွင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာ ရုပ်ပွားဆင်းတုတော်များနှင့် စေတီတော် အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်း ပြည့်ဘုရားကြီးအား တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန် နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်၊ လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် လယ်ဝေးမြို့ အင်းသာ အရှေ့ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာဘုရား၊ ဓာတုစယ ဓါတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီ၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ တရားသဘင်များကျင်းပခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒီသာ ကျွေးမွေးလှူဒါန်ခြင်းများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်ရှိ ရတနာဆင်ဖြူတော်အဆောင်တွင် ဆင်စာကျွေး ကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင်လည်း ဈေးဝယ် ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် စုပေါင်းမဟာဘုံကထိန်များ လှည့်လည်ခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ ကျင်းပခြင်း၊ Ocean Super Center၊ Juction Center၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများ၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်းနှင့် မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေး အစီအစဉ်များအဖြစ် နိုင်ငံကျော်တေးသံရှင်များက DJ, Music Band များနှင့်အတူ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ လာရောက်လည်ပတ် ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင်လည်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးစေတီတော် ရင်ပြင်တွင် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲကျင်းပရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံ ထွန်းညှိပူဇော်ကြသူများ၊ မဲဇလီဖူးသုပ် ဒါနပြုကြသူများ၊ ပံ့သကူလို က်လံကောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကိုလည်း တွေ့ရသည်။
သတင်း - လုလင်ငယ်
ဓာတ်ပုံ - ပြည့်စုံ