နေပြည်တော်၊ နိုဝင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ် ၈ မြို့နယ်အတွင်းရှိ ပထမအကြိမ် အသည်းရောင် အသားဝါ ရောဂါ “ဘီ”ပိုး ကာကွယ်ဆေး ထိုးနှံမှုကာလ တစ်လပြည့်မြောက်သော သံဃာတော်/ သီလရှင်တို့အား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ် ဆေးထိုးနှံမှု အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးမြင့်စိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သံဃဘေသဇ္ဇဌာနဝိဟာရသံဃာ့ဆေးရုံ၌ သံဃာတော် ၁၇၂ ပါးတို့အား ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှု အားပေးခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး နေပြည်တော်တိုင်း ကျန်းမာရေး ဦးစီးမှူး၊ သံဃဘေသဇ္ဇဌာနဝိဟာရသံဃာ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးနှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူတို့က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း လျှောက်ထားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်မိသားစုက အသည်းရောင် အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးအတွက် အလှူငွေများလှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး မိသားစုက ပျဉ်းမနားမြို့၊ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေများ လှူဒါန်းခဲ့ပါသည်။
ယနေ့တွင် ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမအုန်းတောကျောင်း၊ လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံကြီး၊ တပ်ကုန်းမြို့၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပုဗ္ဗသီရိမြို့၊ ခုတင် ၃၀၀ ဆေးရုံကြီး တို့တွင်လည်း ဒုတိယအကြိမ် အသည်းရောင်အသားဝါရောဂါ “ဘီ”ပိုး ကာကွယ်ဆေးထိုးနှံမှု အခမ်း အနားများ ကျင်းပခဲ့ရာ စုစုပေါင်း သံဃာ/သီလရှင် ၁၂၄၁ ပါးတို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း ထိုးနှံပေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် တတိယအကြိမ်အဖြစ် သုံးကြိမ်အပြည့် အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)