နေပြည်တော် ၂၁ ဖေဖော်ဝါရီ
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကံသာကျေးရွာ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ချင်းလူမှုရေးအသင်း ဒုတိယဥက္ကဌ ဦးခမ်လျှန်ဆွမ်းက ချင်းအမျိုးသား နေ့ဖြစ်ပေါ်လာပုံသမိုင်းအား ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့်သဝဏ်လွှာအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ဖတ်ကြား၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ မှပေးပို့သည့်သဝဏ်လွှာကို ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမင်းအေးကိုကဖတ်ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေအား ဒုတိယဝန်ကြီးမှပေးအပ်ရာ နေပြည်တော် ချင်းလူမှုရေးအသင်းအတွင်းရေးမှူး ဦးလိုင်ဒိန်းက လက်ခံရ ယူသည်။ ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား နေပြည်တော်ကောင်စီဥက္ကဌ မှဂုဏ်ပြုဆုချီးမြှင့်ပြီး (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် အနိုင်ရရှိသည့် အသင်းများအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က ဂုဏ်ပြုဆု များချီးမြှင့်သည်။ ဆက်လက်၍ နေပြည်တော် ချင်းလူမှုရေးအသင်းဥက္ကဌ ဦးဝင်းစိုးဦးနှင့် လယ်ဝေးမြို့နယ် သစ်တောရွာမှ ဆလိုင်းအောင်ရင် တို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ချင်းရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ ဧည့်သည် တော်များနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ချင်းတောင်တန်းမှကြိုဆိုလျှက် သီချင်း အားအခမ်းအနားတက်ရောက်လာသူများစုပေါင်းသီဆိုပြီး ရိုးရာကပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


