နိုဝင်ဘာ ၂၉
ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ဖနောင်ပင်တွင် သုံးရက်ကြာကျင်းပသော ရေသဘင်ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၄ ဒသမ ၉ သန်းခန့်ရှိကြောင်း ကမ္ဘောဒီးယားအမျိုးသားရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရေသဘင်ပွဲတော်သည် နိုဝင်ဘာ ၂၆မှ ၂၈ ရက်ထိ ကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးကျယ်ဆုံးဖြစ်သောပွဲတော်များအနက် တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှနိုင်ငံသားများသည် ရေသဘင်ပွဲတော်၏ အဓိကဖြစ်သော လှေပြိုင်ပွဲကိုကြည့်ရှုအားပေးရန် ဖနောင်ပင်မြို့တော်၏ မြစ်ကမ်းနားသို့ စုဝေး ရောက်ရှိလာ ကြသည်။
ထိုပွဲတော်သို့ နိုဝင်ဘာ ၂၆ ရက်က ၁ ဒသမ ၂ သန်း၊ နိုဝင်ဘာ ၂၇ ရက်က ၁ ဒသမ ၇ သန်းနှင့် နိုဝင်ဘာ ၂၈ ရက်က ၂ သန်းလာရောက်ဆင်နွှဲခဲ့ကြသည်ဟု ခန့်မှန်းတွက်ချက်ဖော်ပြထားသည်။ ယင်းပွဲတော်သည် လုံခြုံရေးကောင်းမွန်စွာဖြင့် အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
နိုင်ငံခြားသားခရီးသွားများနှင့် ဒေသခံများသည် နေ့အချိန်တွင် လှေပြိုင်ပွဲများနှင့် ညချမ်းအချိန်တွင် မီးရှူးမီးပန်းများ၊ မီးထွန်းပွဲများဖြင့် မိုးရာသီအကုန်တွင် နှစ်စဉ်ကျင်းပလေ့ရှိသောထိုပွဲတော်ကိုကြိုက်နှစ်သက်ကြသည်ဟု ဝန်ကြီးချုပ်ဟွန်မာနတ်က ပြောကြားသည်။
ယင်းလှေပြိုင်ပွဲတွင် လှေလှော်သမား ၂၀၄၁၇ ဦးဖြင့် လှေအစင်းရေပေါင်း ၃၃၇ စင်း ပါဝင်ယှဉ်ပြိုင်ကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို