နေပြည်တော် နိုဝင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်း မြို့နယ် ရွေးစုကျေးရွာအုပ်စု ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင်လယ်ယာနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ (၅၂) ဦး၏ လယ်မြေ (၁၃၁) ဧကတွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွေးစုကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပြန့်ပွားရေး စင်တာ၌ သမဝါယမ အသင်းသား တောင်သူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက်လည်း လိုအပ်သည့်ပံ့ပိုးမှုများနှင့် မြေဩဇာ၊ သွင်းအားစု၊ မျိုး၊ စက်ယာဉ် ယန္တရားများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် အထွက်နှုန်း ကောင်းပြီး ဈေးကွက်သေချာသည့် မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးကြစေလိုကြောင်း၊ အထွက်တိုး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို အချိုးကျကျ ရောနှောအသုံး ပြုကြစေလို ကြောင်း၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်  မှာကြားပြီး သမဝါယမအသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်