နေပြည်တော် နိုဝင်ဘာ ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ  စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ပညာကို ကြိုးစားသင်ကြားကြစေလိုကြောင်း၊ ပညာတတ်လူတော် လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်လူကောင်းဖြစ်အောင် ကြိုးစားခြင်းသည် မိမိဘဝ၊ မိမိဒေသနှင့် မိမိနိုင်ငံကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာနရုံးဟောင်း၌ ပညာရေး ဒီဂရီကောလိပ် သင်တန်းသား သင်တန်းသူများ ပညာသင်ကြား၊ သင်ယူနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့အတူ ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)သို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်းနှင့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်‌ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် တက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိပြီး ကျောင်းသား‌ကျောင်းသူများ စာကြည့်တိုက်ကို အကျိုးရှိအောင် အသုံးချသင်ကြားသင်ယူနိုင်ရေး ဆောင်ရွက်ရန် မှာကြားကာ စာကြည့်တိုက်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၌ အေးချမ်းစွာပညာ သင်ကြားနေကြသည့် တက္ကသိုလ် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ် သင်္ချာဌာန၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်အတွင်းရှိ တည်ဆောက်နေဆဲ ပညာရေးအဆောက်အအုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပညာပါရမီခန်းမ၌ ကျောင်း အုပ်ကြီး၊ ဆရာဆရာများ၊ ပညာရေးဒီဂရီကောလိပ် ၄ နှစ် သင်သင်တန်းသား၊ သင်တန်းသူ များ၊ PPTT ၁၀/၂၀၂၃ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံပြီး ပညာကို ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ သင်တန်းပြီး၍ မိမိတို့ တာဝန်ကျသော ဒေသများတွင် ကျောင်းသား ကျောင်းသူများကို နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်