ဂျေရုဆလင်   နိုဝင်ဘာ   ၂၉

 ဟားမတ်စ်အဖွဲ့က လွှတ်ပေးလိုက်သည့် ဂါဇာကမ်းမြောင်မှ ပဉ္စမအသုတ်ဓားစာခံများ အစ္စရေး နိုင်ငံသို့   ပြန်လည်ရောက်ရှိလာကြောင်း   အစ္စရေး အစိုးရက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြား သည်။

အစ္စရေးနိုင်ငံသား   ၁၀   ဦးနှင့်   ထိုင်းနိုင်ငံသား နှစ်ဦးတို့အပါအဝင်  ဓားစာခံ ၁၂  ဦးအား  ၎င်းတို့၏ မိသားစုများနှင့်   ပြန်လည်ပေါင်းစည်းရန်   ကနဦး ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း   အစ္စရေး ဝန်ကြီးချုပ်ရုံးနှင့် အစ္စရေးတပ်ဖွဲ့တို့က မှတ်ချက်ပြုပြောကြားသည်။

အစ္စရေးနှင့်  ဟားမတ်စ်တို့အကြား  လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးသည်  နိုဝင်ဘာ  ၂၈  ရက် တွင် သက်တမ်းကုန်ဆုံးခဲ့သောကြောင့်  နောက်ထပ် နှစ်ရက်  ထပ်မံသက်တမ်းတိုးခဲ့ကြောင်း  ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက     ထုတ်ပြန်ကြေညာခဲ့သည်။

အပစ်အခတ်ရပ်စဲရေး   သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ အစ္စရေးက မှတ်ချက်မပေးသော်လည်း အစ္စရေးဓားစာခံများ  ထပ်မံလွှတ်ပေးပါက  ပါလက်စတိုင်း အမျိုးသမီးအကျဉ်းသား ၅၀ ကို ထပ်မံလွှတ်ပေးရန် အတည်ပြုကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

အောက်တိုဘာ  ၇  ရက်က  ဂါဇာကမ်းမြောင် ဒေသတွင်ဖြစ်ပွားခဲ့သည့်  အစ္စရေး၏  လေကြောင်း တိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကို  လက်တုံ့ပြန်သော အားဖြင့်  ဟားမတ်စ်အဖွဲ့က ဓားစာခံ ၂၀၀ ကျော်ကို ဂါဇာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အစ္စရေး-ဟားမတ်စ်  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ဖျန်ဖြေပေးသူများထဲမှ တစ်ဦး ဖြစ်သည့် အစ္စရေးနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီ Mossad အကြီးအကဲ David Barnea သည် ကာတာတွင် လက်ရှိရောက်ရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက အတည်ပြုခဲ့သည်။

၎င်း၏  ခရီးစဉ်သည်  အပစ်အခတ်ရပ်စဲရေး ထပ်မံသက်တမ်းတိုးရန်အတွက်   ဖြစ်နိုင်ခြေရှိသည်ဟု အစ္စရေးမီဒီယာက ပြောကြားသည်။

အစ္စရေးဓားစာခံ   ၁၀   ဦးအား   နိုင်ငံတကာ ကြက်ခြေနီအဖွဲ့သို့ နိုဝင်ဘာ ၂၈ ရက်တွင် လွှဲပြောင်း ပေးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏   လက်အောက်ခံ  အယ်လ်ကမ်ဆမ်တပ်ဖွဲ့က ကြေညာခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ