နေပြည်တော်၊ နိုဝင်ဘာ ၃၀
မန္တလာတက္ကသိုလ် (၁၁) နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ အမရခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူး) များ၊ သုတေသနစာတမ်းဖတ်ကြားမည့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလာတက္ကသိုလ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်တွင် မန္တလာကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁) ရက်တွင် မန္တလာတက္ကသိုလ် အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယနေ့သည် မန္တလာတက္ကသိုလ်စတင် တည်ထောင်ခဲ့ရာမှ (၁၁) နှစ်ပြည့်မြောက်ခဲ့သည့်နေ့ ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းများသည် တက္ကသိုလ်များ၏ အသက်သွေးကြောဟုလည်း ဆိုနိုင်ပါကြောင်း။ ပြည်တွင်းအဆင့်စာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာ အဆင့်စာတမ်းဖတ်ပွဲများသို့ စာတမ်းများပေးပို့ ဖတ်ကြားနိုင်ရေးကြိုးပမ်းကြရန် ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများအားလုံးကို တိုက်တွန်းပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုစေမည့်ဒေသ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုတေသနလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို အကျိုးပြုစေမည့် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြစေ လိုပါကြောင်း။
သင်ကြားရေးပိုင်းတွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် နိုဝင်ဘာ (၂၃) ရက်က စတင်၍ သင်တန်းများစတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက ကျောင်းတက္ကသိုလ်ပညာသင်နှစ် စတင်ဖွင့်လှစ်ချိန်ကစ၍ မိမိတို့လေ့လာ တတ်မြောက်ထားသည့် ပညာရပ်များကို စိတ်စေတနာ အပြည့်အဝနှင့် ပြန်လည်မျှဝေပေးကြပြီး အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် သုတေသနစာတမ်းဖတ်ကြားမည့် ဆရာ၊ ဆရာမများ ကိုဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သုတေသနစာတမ်းဖတ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလာတက္ကသိုလ် စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများ သင်ကြား သင်ယူရာတွင် အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးကြရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ် သုတေသန စင်တာသို့သွားရောက်၍ သုတေသနစင်တာရှိ စက်ပစ္စည်းများကို အကျိုးရှိ ထိရောက်အောင် အသုံးပြုဆောင်ရွက်ရေး၊ သုံးစွဲမှုမှတ်တမ်းများကို စနစ်တကျထားရှိ ဆောင်ရွက်ရေးတို့ကိုမှာ ကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေး၍လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ဆောင်များနှင့် လက်တွေ့ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံ၍ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေးတိုးတက် ကောင်းမွန်ရေး ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း (အထက-ခွဲ) သို့သွားရောက်၍ စာသင်ခန်း၊ စာကြည့်တိုက်၊ ဂီတ၊ အနုပညာ၊ အိမ်တွင်းမှု၊ လက်တွေ့ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်