နေပြည်တော်၊ နိုဝင်ဘာ  ၃၀

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဉီးစွာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ် ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) မူကြမ်းကိုသက်ဆိုင်ရာသို့ တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဆွေးနွေးမှု ကောက်နုတ်ချက်များ အကြံပြုချက်အနေဖြင့် ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ဆွေးနွေးမှု ကောက်နုတ်ချက်များနှင့် စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း ဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြမှုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေး အကြံပြုသွားရန်ဖြစ်ပြီး ဆွေးနွေးချက်များအပေါ် မူတည်၍ SOP မူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ရေးထုံးအရဖြစ်စေ၊ တည်ဆဲ ဥပဒေအရဖြစ်စေ ကိုက်ညီမှုမရှိသော အချက်များတွေ့ရှိပါက ပွင့်ပွင့်လင်းလင်း ထောက်ပြ၍ အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း၊ မိမိတို့ဦးစီးကော်မတီအနေဖြင့် စံလုပ်ထုံးလုပ်နည်း SOP ကို အမှန်တကယ်အကျိုးရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များကအသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်