နေပြည်တော်၊ နိုဝင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ စက်မှုလက်မှု သိပ္ပံ (ရမည်းသင်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ နယ်မြေခံတပ်နယ်မှူး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ကျောင်းအုပ်ကြီး တို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရစက်မှုလက်မှု သိပ္ပံ (ရမည်းသင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာများပက်ဖျန်း၍ အစိုးရစက်မှုလက်မှု သိပ္ပံအတွင်းရှိ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများနှင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရန် သက်မွေးပညာရေးသည် အခြေခံကျသဖြင့် နိုင်ငံတော် အနေဖြင့် သက်မွေးပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ၊ စက်မှုလက်မှု သိပ္ပံများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အရည်အသွေး ပြည့်မီသော လူသား အရင်းအမြစ်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးက ကျေးဇူးတင်စကားပြောကြား၍ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အင်ဂျင်နီယာဘွဲ့ကြို သင်တန်းများတွင် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှု ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးကြပြီး လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်နှင့် အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းအားပေးသည်။ 

ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (ပဲခူး) နှင့် အစိုးရစက်မှုလက်မှု သိပ္ပံ (မိတ္ထီလာ) တို့ကို တပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်