နေပြည်တော်၊ နိုဝင်ဘာ ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတဘက်ခြမ်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းတစ်ခုအနေဖြင့် အပြီးသတ် ဆောင်ရွက်ရသည့် အပိုင်းသည် အလွန်အရေးကြီးသဖြင့် တံတားချိတ်ဆက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ဒီဇိုင်းသတ်မှတ် ရေးဆွဲထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များအတိုင်း တိကျစွာဆောင်ရွက်ရန်၊ သတ်မှတ်အချိန်အတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က မူလတံတားအဟောင်းနှင့် တံတားအသစ်တို့၏ အတက်/ အဆင်းနှင့် ပတ်ဝန်းကျင်တလျှောက် ဆက်စပ်သည့် လမ်းကြောင်းများတွင် ယာဉ်ကြောသွားလာမှု စနစ်တကျဖြစ်စေရေး မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်အချက်တို့ကို ဖြည့်စွက်ဆွေးနွေ ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်သို့သွားရောက်ပြီး တံတားချဉ်းကပ်လမ်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်နေမှု ၊ Cable Stay Main Tower အမှတ် (၁) ( P-11) နှင့် အမှတ် (၂) (P-12) တို့ရှိ လုပ်ငန်းများဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Lauching) နည်းပညာကို အသုံးပြု၍ PC Box Girder များ တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးအချက်ပြများ၊ လမ်းညွှန်အမှတ်အသားများ ထားရှိရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်ဘက်ခြမ်း တံတားချဉ်းကပ်လမ်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်နေသည့်အခြေအနေ၊ ပတ်ဝန်းကျင်ရှိလမ်းများနှင့် ချိတ်ဆက်ရာ တွင် အဆင်ပြေချောမွေ့မှုရှိစေရေး ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး အရည်အသွေးစစ်ဆေးသည့် (QC) လုပ်ငန်းစဉ်များကို သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာလာမည်ဖြစ်သည်။ ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် - ၃) တည်ဆောက်ခြင်း လုပ်ငန်းအနေဖြင့် အဓိကပင်မ တံတားတည်ဆောက်ခြင်းများ ပြီးစီးပြီဖြစ်၍ လက်စသတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအားလုံး ပြီးစီးစေရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


