နေပြည်တော်၊ နိုဝင်ဘာ ၃၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster (3) ရှိ ဂျူဒိုအားကစား လေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှု့အားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအားလုံး စည်းကမ်းတကျ လေ့ကျင့်၍ စိတ်ဓာတ်ပိုင်းနှင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ အပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြပေးသွားရန်နှင့် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများအားလုံး စည်းလုံးညီညွတ်မှုရှိမှသာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် GYM လေ့ကျင့်ရေးခန်းမ၌ ဘော်လီဘော အားကစားသမားများ၏ GYM လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများ အားလုံးလေ့ကျင့်ချိန်မလျှော့ဘဲ နည်းပြများ ရေးဆွဲထားသည့် Training Programme အတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ကြိုးစားလေ့ကျင့်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ (၄) ရက်မှ (၁၅) ရက် အထိ ကျင်းပမည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမားများ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ချက်ပြုတ်ပြင်ဆင် ကျွေးမွေးလျက်ရှိသည့် Cluster-9 ရှိ စားရိပ်သာအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်