ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အာဆီယံပေါင်းစည်းမှုဆိုင်ရာမဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတို့အကြားဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့်သာယာဝပြောမှု မျှဝေရေးဖိုရမ်တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

အာဆီယံ-တရုတ်စင်တာမှကြီးမှူး၍ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှု မျှဝေရေးဖိုရမ်အစီအစဉ်ကို လာအိုပြည်သူ့ ဒီမိုကရက်တစ်  သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ရာ  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များတက် ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ရက် တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများဖြစ်သော ပသူလွန်းဘုရား၊ မြဘုရား ထားရှိခဲ့သည်ကျောင်းတော်ဟောင်း၊  ဗီယင်ကျန်း ဖွံ့ဖြိုးရေးဇုန်တို့သို့ သွားရောက်လေ့လာကြပြီး ညနေပိုင်းတွင် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

နိုဝင်ဘာ၂၇ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ  ဒုန်ချန်ပဲလေ့စ်ဟိုတယ်၌ ကျင်းပသည့် အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်” သို့ တက်ရောက်သည်။

 

ဖိုရမ်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံညီလာခံ အမျိုးသားကော်မတီ ဒုတိယဥက္ကဌတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

 

 ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖိုရမ် ကျင်းပပြုလုပ်ရခြင်းသည် တရုတ်-အာဆီယံနိုင်ငံများအကြား ရုပ်ပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် လူသားအချင်းချင်း ဆက်သွယ်မှုပေါင်းစည်းမှုအားလုံးကို ခိုင်မာစေရန် ရည်ရွယ်ပါကြောင်း၊ အာဆီယံ ပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅  အနေဖြင့် အာဆီယံ နိုင်ငံများအကြား စဉ်ဆက်မပြတ် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ ဖြစ်ပေါ်လာရေး၊ ဒီဂျစ်တယ်နည်းပညာနှင့် တီထွင်ကြံဆမှုများ တိုးတက်လာရေးနှင့် ပို့ဆောင် ဆက်သွယ်မှု လွယ်ကူစေရေး၊ တရားပဒေစိုးမိုးရေးနှင့် ဒေသတွင်းနိုင်ငံသားများ အချင်းချင်းဆက်သွယ် ပေါင်းစည်းခြင်းတို့ကို မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ပြီး တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအနေနှင့် တရုတ်ပြည်သူ့ သမ္မနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်လာစေပါကြောင်း။ အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ လုပ်ငန်းစဉ်များတွင် မြန်မာ-လာအို စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအတွင်း မီးရထားလမ်းနှင့် အမြန်လမ်းမကြီးများ တည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များလည်း ပါဝင်ပါကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ အခြေခံအဆောက်အဦဆိုင်ရာ စီမံချက်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းများနှင့် လူ့စွမ်းအား ရင်းမြစ်တိုးတက်စေရေး ကဏ္ဍများတွင် ပူးပေါင်းကူညီပေးစေလိုပါကြောင်း၊ ပူးပေါင် ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းသာယာမှု၊ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှု၊ အပြန်အလှန်သင်ယူမှု နှင့် အပြန်အလှန် အကျိုးရှိမှုတို့ကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ-တရုတ်ဗဟိုဌာန အထွေထွေအတွင်းရေးမှူးချုပ်တို့က အမှာစကားများ ပြောကြားကြသည်။

 

ယင်းနောက် မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အာဆီယံ-တရုတ် ဆက်သွယ်ပေါင်းစည်းမှု လုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ်ရှင်းလင်း ပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လစာရင်းများအရ မဟာစီမံကိန်း ၂၀၂၅ ပါမဟာဗျူဟာ လုပ်ငန်းစဉ် (၅) ခုအောက်ရှိ နယ်ပယ် (၁၅) ခု၊ ရာခိုင်နှုန်းအားဖြင့် စီမံကိန်း၏ ၇၃ ဒသမ ၄၂ ရာခိုင်နှုန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် ပို့ဆောင်ဆက်သွယ်မှုတိုးတက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ဒီဂျစ်တယ်လုပ်ငန်းစီမံချက် ၂၀၂၃ အစရှိသည်တို့ကိုအကောင် အထည်ဖော်ဆောင် ရွက်ရာတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်သည် အာဆီယံ-တရုတ် ဒေသတွင်းနိုင်ငံသားအချင်းချင်း အပြန်အလှန်ကူးလူးသွားလာ ဆောင်ရွက်မည့်နှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့်ဖိုရမ်က အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်က အနာဂါတ်ကာလတွင် ကြုံတွေ့ရမည့်အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ နှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ၂၈ ရက်တွင် လွန်ပရာဘန်မြို့ရှိ ရှင်းသုန်ဘုရားကျောင်းနှင့် ဘုရင့်နန်းတော်ပြတိုက်တို့သို့ သွားရောက် လေ့လာခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

 

အဆိုပါဖိုရမ်ကို အာဆီယံပို့ဆောင်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025) နှင့် Belt and Road Initiative (BRI) တို့ အကြား ပိုမိုကောင်းမွန်သော ချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန်ဒေသတွင်း ချိတ်ဆက် ဆောင်ရွက်မှုကို တသမတ်တည်း အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ အာဆီယံ-တရုတ်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍမှအကြီးအကဲများလာအို ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်