အလင်္ကာမေ
နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် သူကြီးဂေဇက်ဦးခင်မောင်က ဦးဆောင်၍ ဦးအုန်းဖေ(ဆရာတက်တိုး)၊ ဦးတင်ဦး၊ အမြတ်ခွန်မင်းကြီးဦးယုဆိုင်၊ ကက်သရင်းဒေါ်ခင်ခင်၊ ပညာရေးဝန်ကြီးဦးလှမင်း၊ ဒီးဒုတ် ဦးဘချို၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးကောင်း၊ သူရိယဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန် စသော မြန်မာနိုင်ငံ စာရေးဆရာများ အသင်းအမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာလူကြီးများ ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများအသင်း ဖွဲ့စည်းပြီးနောက် လေးနှစ်မြောက်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
၁၉၃၉ ခုနှစ် မတိုင်မီက စာရေးဆရာ များအသင်းဟူ၍မရှိသေးဘဲ စာရေးဆရာ အချို့ ဖွဲ့စည်းထားသော “ကလောင်အဖွဲ့” တစ်ခုသာရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ဂျီဝဲလ် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်လာ သောအခါ စာရေးဆရာများက စုပေါင်း၍ ကျင်းပသော ဧည့်ခံပွဲနှင့် ဆရာကြီးပီမိုးနင်းကွယ်လွန်၍ ဈာပနကိစ္စတို့တွင် စာရေးဆရာများ စုစည်းမိ ကြရာမှ ဒီးဒုတ်ဦးဘချိုဦးဆောင်၍ စာရေးဆရာများအသင်းကို ထူထောင်ကြသည်။ မူလက “မြန်မာနိုင်ငံ စာရေးဆရာများအစည်းအရုံး”ဟု ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် စာရေးဆရာများအသင်းကို ပြန်လည်စုစည်းခဲ့ပြီးလျှင် “မြန်မာနိုင်ငံ စာရေးဆရာများအသင်း” ဟု မှည့်ခေါ်ခဲ့သည်။
စတင်ဖြစ်ပေါ်လာပုံ
တစ်နေ့တွင် ဆရာတက်တိုးက အင်္ဂလိပ်လူမျိုးများသည် စာပေယဉ်ကျေးမှုကို အမြတ်တနိုး တန်ဖိုးထားပုံနှင့် ထင်ရှားသော စာရေးဆရာကြီး ရှိတ်စပီးယားကိုဂုဏ်ပြုသော ရှိတ်စပီးယားပွဲတော်နေ့ကို နှစ်စဉ်ရှိတ်စပီးယား၏ မွေးနေ့ဟူ၍သတ်မှတ်ထားသော ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပပုံများကို ပြောဆိုကြရာမှ မိတ်ဆွေဖြစ်သူ ဦးယုဆိုင်က “သူတို့က ရှိတ်စပီးယားပွဲတော်နေ့ လုပ်ကြသလို ကျွန်တော်တို့ကလည်း ဦးပုညနေ့ပွဲတော်လုပ်ကြတာပေါ့ဗျာ” ဟူ၍ စတင်အကြံပြုခဲ့ရာမှ ဦးအုန်းဖေ (ဆရာတက်တိုး)နှင့် အမြတ်ခွန်မင်းကြီး ဦးယုဆိုင်တို့၏ ဆက်လက်ကြိုးပမ်းမှု ဖြင့် ဦးပုညနေ့ပွဲတော်ကျင်းပရန် အားလုံး သဘောတူ ဆုံးဖြတ်ကြလေသည်။
ထို့နောက် ဆရာကြီး စလေဦးပုည၏ မွေးနေ့ဖြစ်သော ကဆုန်လဆန်း ၁၃ ရက်နေ့ကို ဦးပုညနေ့အဖြစ် သတ်မှတ်၍ ၁၃၀၆ ခုနှစ် ကဆုန်လဆန်း ၁၃ ရက် (၁၉၄၄ ခုနှစ် မေလ ၄ ရက်)နေ့တွင် ပထမဆုံး ဦးပုညနေ့ပွဲတော်ကို အောင်မြင် စွာကျင်းပနိုင်ခဲ့သည်။
ထိုအခါက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းနှင့်တကွ ထိုကာလသက်ဆိုင်ရာ ဝန်ကြီးဌာနသည် ဦးပုညနေ့ အထိမ်းအမှတ်ကျင်းပရေးကိစ္စကို အရေးယူ ဆောင်ရွက်သောအားဖြင့် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။ ထိုအစည်းအဝေးက ဦးပုညနေ့ဟူ ၍ စာဆိုတစ်ဦးတည်းကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့အဖြစ် သတ်မှတ် ကျင်းပမည့်အစား စာဆိုတော်အားလုံးကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့ သတ်မှတ်သင့်ကြောင်း ဆွေးနွေးဆုံးဖြတ် ခဲ့ကြပြီး နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသဖြင့် ထိုအခါမှစ၍ စာဆိုတော်နေ့ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်လေသည်။
ပထမအကြိမ် စာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပခဲ့ပြီး စာဆိုတော်ကြီးများ ၏ ပြောင်မြောက်သော စာပေအရေး အသားတို့မှထုတ်နုတ်၍ ရွတ်ဆိုဂုဏ်ပြု ကြသည်။ ဂုဏ်ပြုပြဇာတ်များ သရုပ်ပြ ကပြကြသည်။ နောက်ပိုင်းကာလများတွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ စာပေဆုနှင်းသဘင်ပွဲများ၊ သက်ကြီးစာပေ ပညာရှင်ကြီးများ ကန်တော့ပွဲများကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့် သဲသဲ ကျင်းပလာခဲ့ကြသည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက မျိုးစေ့ချပေးခဲ့သော စာဆိုတော်နေ့ကို နိုင်ငံတော်အစိုးရအဆက်ဆက်ကလည်း ချီးမြှောက်ဂုဏ်ပြုသောအားဖြင့် စာဆိုတော်နေ့တွင် စာပေဆုနှင်းသဘင် ဆင်ယင်ကျင်းပကာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ချီးမြှင့်ခဲ့သော စာပေဆုများကို စာပေဗိမာန်ဆုဟုသာ ခေါ်တွင်သည်။ ၁၉၆၂ ခုနှစ်သို့ ရောက်သောအခါ အနုပညာ စာပေဆုဟူ၍ ပြောင်းလဲချီးမြှင့်ခဲ့သည်။ ထိုမှတစ်ဆင့် အမျိုးသားစာပေဆုအသွင် အဆင့်မြှင့်တင် ပြောင်းလဲလိုက်သည်။ ထိုမှတစ်ဆင့် ယခုအခါ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု နှင့် စာပေဗိမာန် စာမူဆုများအဖြစ်သို့ တိုးတက်ချီးမြှင့်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရက ၁၉၆၃ ခုနှစ်မှ စ၍ နှစ်စဉ်စာဆိုတော်နေ့များတွင် စာပေဆုနှင်းသဘင်ပွဲကျင်းပကာ ထိုဆုနှင်း သဘင်၌ အမျိုးသားစာပေဆုရသော စာပေပညာရှင်များအား ဆုများချီးမြှင့်ပြီး စာပေရေးရာမိန့်ခွန်းများ မြွက်ကြားကာ စာပေတိုးတက်ရေးကို ဆောင်ရွက်ခဲ့လေသည်။
နတ်တော်လနှင့် စာဆိုတော်နေ့
နတ်တော်လသည် မြန်မာ့တစ်ဆယ့် နှစ်လရာသီတွင် ကိုးလမြောက်ဖြစ်သည်။ ရာသီအားဖြင့် ဓနုရာသီ၊ ဆန်းယှဉ်နက္ခတ် မှာ မိဂသီ၊ ရာသီရုပ်မှာ လေးဆွဲထားသော ယောကျ်ားရုပ်ဖြစ်ပြီး ရာသီပန်းကား သဇင်ပန်းဖြစ်သည်။ နတ်တော်လဟု ခေါ်တွင်သည်မှာ ရှေးယခင်က နတ်ကို ပူဇော်ပသရခြင်းကြောင့် “နတ်ပျော်လ” ဟု ခေါ်တွင်ရာမှ နောင်တွင် “နတ်တော် လ”ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ရှေးပုဂံခေတ်ထိုး ကျောက်စာများ၌ နတ် တော်လကို နတ္တာဝ်၊ နတ္တဝ် ဟု ရေးထိုး ထားကြောင်း တွေ့ရသည်။ နတ်တော်လ တွင် ကောက်သစ်ငယ်တို့ ပေါ်ဦးဖြစ် သဖြင့် ကောက်သစ်စားပွဲများကို ပျော်ရွှင်စွာ ကျင်းပသောလလည်းဖြစ်သည်။
ရှေးမြန်မာမင်းများ လက်ထက်က နတ်တော်လတွင် နတ်ပွဲသဘင်နှင့် ဆင်ဖမ်းပွဲများ ကျင်းပလေ့ရှိသည်။ အင်းဝခေတ် ဘိုးတော်ဘုရားလက်ထက်တွင် ဗြဟ္မဏပုဏ္ဏားတို့၏ ဝါဒအဟောင်း များကို စာပေမှထုတ်ပယ်၍ မြန်မာစာပေကို သန့်စင်ခဲ့သည်။ ဗြဟ္မဏပုဏ္ဏား ပညာရှိများကိုလည်း ဟူးရားအတတ် ပညာရှင်အဖြစ် သီးခြားခန့်ထား၍ သက်ဆိုင်ရာ ကဏ္ဍ၌သာ အမှုထမ်းစေခဲ့သည်။ ထိုအချိန်မှစတင်၍ နတ်တော်လ တွင် နတ်ပူဇော်ပွဲများ မကျင်းပတော့ဘဲ မြန်မာစာပေ ပညာရှင်ကြီးများအား ချီးမြှောက်သော ပွဲတော်ရာသီအဖြစ် သတ်မှတ်ကျင်းပခဲ့သည်။ စာပေပညာရှင် ကြီးများနှင့်တကွ ထူးချွန်သော အုပ်ချုပ်ရေး၊ ဘာသာရေး၊ လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုပါ ချီးမြှောက်ထောက်ပံ့ခဲ့သည့် နတ်တော်လပွဲတော် အစဉ်အလာ သည် အင်းဝခေတ်မှ ရတနာပုံခေတ်တိုင် အောင်ထွန်းတောက်ခဲ့သည်။
စာဆိုတော်ဆိုသည်မှာ နာမ်စားသုံးမျိုးကို တွဲစပ်ထားခြင်းဖြစ်သည်။ အသားညိုပါက ဖိုးညို၊ အကြွားသန်ပါက ဖိုးကြွားဟုခေါ်သလိုရှိသည်။ စာဆိုတော်တွင် စာ၊ ဆို၊ တော် သုံးမျိုးတွဲစပ်ထားရာ “စာ”မှာ စကားပြေကိုမဆိုလို၊ ကဗျာ စည်းမျဉ်း၊ ကဗျာရေးထုံးများနှင့်အညီ သီကုံးထားသည့်အရာ ဖြစ်သည်။ “ဆို”ဟူသည် ကဗျာ၊ လင်္ကာကို အက္ခရာ တင်၍မရေးဘဲ လက်တန်းရွတ်ဆိုသွားသည်ကို အနက်ဖွင့်ခြင်းဖြစ်သည်။ “တော်”မှာကားကဗျာကို လက်တန်း ရွတ်ဆိုသွားသောအရာတွင် အကျော် အမော်ဖြစ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် စာဆိုတော်ဆိုသည်မှာ ကဗျာ၊ လင်္ကာကို စည်းမျဉ်းရေးထုံးနှင့်အညီ အက္ခရာမတင်ဘဲ လက်တန်းရွတ်ဆိုရာ၌ အကျော်အမော်ဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။
ရှေးက ကဝိပုဂ္ဂိုလ်များ (ကဗျာတတ် ကျွမ်းသူများ)သည် စကားပရိယာယ် အလွန်ကြွယ်လှသည်။ ကဗျာ၊ လင်္ကာ တစ်ပုဒ်ကို ရေးကြီးခွင်ကျယ် စာဖြင့်မရေး ဘဲ စာအံသလို နှုတ်တိုက်လက်တန်း ရွတ်နိုင်ကြသည်။ စာဆိုတော်ဟူသည် ဤသို့သော ပညာရှိကဝိကြီးများ အားပေးသော ဘွဲ့အမည်ပင်ဖြစ်သည်။ မြတ်စွာဘုရားရှင်တော်လက်ထက်၌ပင် အရှင်ဝင်္ဂီသသည် ရုတ်တရက် နှုတ်ထွက် ရွတ်ဆိုရာ၌ ပါဠိကဗျာဟုဆိုအပ်သော ဆန်းဂိုဏ်း၊ အလင်္ကာ ဂုဏ်တို့နှင့် ပြည့်စုံ တော်မူ၍ ဘုရားရှင်က ဧတဒဂ် ဘွဲ့ထူး အပ်နှင်းချီးကျူးတော်မူသည်။
သက္ကတဘာသာဆိုင်ရာ ကဗျာဂိုဏ်းတွင်လည်း ကာလီဒါသသည် အကျော်ဆုံးကဝိပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာစာဆိုတော် ကဝိအကျော်အမော်များ ရှေးယခင် က အလွန်ထွန်းကားခဲ့သည်။ ဥဒါဟရုဏ် အနေဖြင့် ခုံတော်မောင်ကျဘမ်းနှင့် ရှေ့နေဦးမိုး၊ ရွှေတောင်ဆရာတော်နှင့် ညောင်ကန်ဆရာတော်၊ ဖိုးသူတော် ဦးမင်းနှင့် လူဦးမင်း၊ ရွှေတိုက်စိုးရကန် ဦးတိုး၊ မောင်းထောင်ဦးကျော်လှနှင့် ချောင်းဦးဦးရွှေကြူး စသည်တို့ဖြစ်သည်။
စာဆိုတော်ဟူသော ဝေါဟာရသည် ရှေးအတီတေ ကဗျာခေတ်ကပင် အမြစ်တွယ်ခဲ့သည်။ အနော်ရထာ ပုဂံမင်း လက်ထက်မှစ၍ ပါဠိနှင့် မြန်မာဒွန်တွဲ ရောယှက် အသုံးပြုလာရာကတစ်ဆင့် အင်းဝခေတ်သို့ ရောက်သောအခါ မြန်မာ စာပေသည် အထွတ်အထိပ်သို့ရောက်လာသည်။ မြန်မာဘာသာဖြင့် စပ်ဆိုသော ကဗျာများ အလွန်ထွန်းကားလာသည်။ အင်းဝခေတ်သည် ကဗျာ၏ ရေသောက်မြစ်ပင်မခေတ်ဖြစ်သည်။
မြန်မာစာပေသမိုင်းကို ပြန်ကြည့် လျှင် ပုဂံခေတ်မှအစပြုပြီး မျက်မှောက် ခေတ်အထိ ဖြတ်သန်းလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီနေပြီဖြစ်သည်။ ရှည်ကြာလှသည့် ကာလအတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေလက်ရာ များသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များအဖြစ် ဂုဏ်ယူဖွယ်ရာ အခိုင်အမာ တည်ရှိနေသည်။ မြန်မာစာပေသမိုင်းတွင် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုများစွာ ပေါ်ထွန်းခဲ့ပြီး ၎င်းစာပေပညာရှင်ကြီးများသည် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အဖိုးထိုက်တန်လှသည့် စာကောင်းပေ မွန်များကို ရေးသားဖွဲ့ဆိုခဲ့ကြသည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်မှသည် ယနေ့မျက်မှောက်ကာလအထိ မြန်မာ စာပေသည် အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ခက်မမဏ္ဍိုင်ဖြစ်သည့် မြန်မာ စာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်သန်မျှော်မှန်းပြီး မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင်ကို ဖော်ကျူးထင်ဟပ်နိုင်စွမ်းရှိသည့် စာကောင်းပေမွန်များကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း မင်္ဂလာတရားနှင့်အညီ နှစ်စဉ်ချီးမြှောက် နေခြင်းသည် နိုင်ငံတော်၏ မွန်မြတ်လှသည့် အစဉ်အလာကောင်းဖြစ်သည်။
အနာဂတ်ဒီမိုကရေစီ နိုင်ငံတော် သစ်တည်ဆောက်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေး တို့အတွက် စွမ်းရည်ထက်မြက်သည့် မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ၏ အခန်းကဏ္ဍသည် အလွန်အရေး ကြီးသည်။ လူငယ်များ၏ ကိုယ်ရည် ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့် အာဟာရမှာ စာပေရတနာပင်ဖြစ်သဖြင့် စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာ သိုမှီးရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စာပေစွမ်းအားဖြင့် မြန်မာ့ဂုဏ်မြင့်မားအောင်၊ အကျိုးစီးပွားတိုးတက်အောင် ဆောင် ရွက်ခဲ့ကြသည့် စာဆိုတော်ကြီးများကို ချီးကျူးဂုဏ်ပြုလျက် နတ်တော်လဆန်း ၁ ရက်တွင် စာပေဆုနှင်းသဘင် ဆင်ယင် ကျင်းပခြင်းသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာတစ်ရပ်ပင်ဖြစ်သည်။ ယင်းအစဉ်အလာကောင်းများ တည်တံ့စေရန်အတွက် စာပေပညာ ရှင်များ၊ စာပေကိုတန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကပါ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားကြရန် လိုအပ်ပါသည်။
စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်သည်။ စာအုပ်မျိုးစုံသည် လူသားတို့၏ ခေတ်ကြေးမုံပင်ဖြစ်သည်။ စာအုပ်စာပေသည် လူ့မိတ်ဆွေပင်ဖြစ်သည်။ စာပေမြင့်မှ လူမျိုးမြင့်မည်ဖြစ်သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ် ဖော်ပြနေပေရာ မိမိဘဝ၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်းသည် စာပေချစ်စိတ်ရှိပြီး စာပေနှင့်ယဉ်ကျေးမှု အမျိုးသားရေး လှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲသင့်လှပါ ကြောင်း နတ်တော်လနှင့် အထူးသင့်မြတ် လှသည့် “စာဆိုတော်နေ့”ကို ကြိုဆို ဂုဏ်ပြုရေးသားလိုက်ရပါသည်။