နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ ယနေ့အစည်းအဝေးတွင် ကဏ္ဍအလိုက် တက်ရောက်လာ ကြသူများက ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ အစီအမံများကို ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့က လေ့ကျင့်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြခန်းပြသမည့် ဝန်ကြီးဌာန ၁၃ ခုကလည်း ပြခန်းများပြသရန် နေရာများစီစဉ်ထားရှိပြီးဖြစ်၍ ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးကြပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပွဲတော်လာဧည့်ပရိသတ်များကို တိုင်းရင်းသား ရိုးရာအစားအစာများ ဈေးနှုန်းသင့်တင့်စွာ ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ပွဲတော်စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက လူငယ်နှင့် စာပေပွဲတော် ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်