ညွန့်ဝင်း(နတ်တလင်း)
လောကဇာတ်ခုံ ဤလူ့ဘုံတွင် အမျိုးသားအမျိုးသမီးဟူ၍ ဒွိဟံဒွိဟံရှိနေကြသည်။ သို့သော်အမျိုးသားတို့က မဟာအဖိုဝါဒ စွဲကိုင်ကာ အမျိုးသမီးတို့အား နှိမ့်ချဆက်ဆံတတ်ကြသည်။ စင်စစ်အားဖြင့် အဖို (ယောက်ျား)က မြတ်သည်၊ အမ (မိန်းမ)က မြတ်သည်ဆိုခြင်းများမှာ ငြင်းခုံရန်မသင့်သောအချက် ဖြစ်သည်။ အကြောင်းမှာ အမျိုးသမီးများသည်လည်း သူ့ကဏ္ဍနှင့်သူ စွမ်းဆောင်နိုင်သူများ ဖြစ်သောကြောင့်ပင်။ ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်၏ဟူသော အဆိုသည် အမျိုးသမီးတို့၏ ကြီးမားသောဂုဏ်ရည်ကို ဖော်ကျူးခြင်းဖြစ်သည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူညီမှုအရ လုပ်ငန်းတာဝန်များ ကွဲပြားနေသော်လည်း အမျိုးသမီးများသည် သူ့အခန်းကဏ္ဍအလိုက် အရေးပါသည်သာဖြစ်သည်။ ထိုသို့ အရေးပါသူများကို ခွဲခြားဆက်ဆံမှုမပြုသင့်သကဲ့သို့ ယောက်ျားမာန်ကိုး၍ အမျိုးမျိုးအကြမ်းဖက် နှိပ်စက်မှုများလည်း မပြုသင့်ပေ။ အမျိုးသမီးများကို တစ်ဦးချင်းကဖြစ်စေ၊ အုပ်စုလိုက်ကဖြစ်စေ အကြမ်းဖက်မှုများ မဖြစ်ပေါ်ရေးအတွက် ကျွန်ုပ်တို့အားလုံး ပါဝင်လှုပ်ရှားကာကွယ်ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
လူကုန်ကူးမှုတွင် အကျုံးဝင်
ယခုအခါ အမျိုးသမီးများသည် အမျိုးသားများ နှင့် ရင်ပေါင်တန်း၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်သည်။ ထို့ပြင် အမျိုးသမီး များသည် အိမ်ထောင်ပြုသည့်အခါ ခင်ပွန်းသည်၏ ဝေယျာဝစ္စတာဝန်များ၊ အိမ်ထောင်သားမွေးတာဝန် များကိုပါ ယူကြရသည့်သူများဖြစ်ရာ ထိုအမျိုးသမီးများကိုပင် ခင်ပွန်းဆိုးများက နှိပ်စက်ညှဉ်းပန်းခြင်း၊ အကြမ်းဖက်ခြင်းများ ပြုမူနေကြသည်ကို တွေ့မြင်ကြားသိနေရသည်။ တစ်ဖန် အမျိုးသမီးများကို ငွေကြေးမက်လုံးဖြင့် အလုပ်ပေးမည်၊ နေရာပေးမည်ဟု လှည့်ဖြားစည်းရုံးကာ ကိုယ်ကာယခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းများလည်း ရှိနေသည်။ တစ်နည်းအားဖြင့် အမျိုးသမီးများအပေါ် တရားမဝင် လှည့်ဖြား သွေးဆောင်ခိုင်းစေခြင်း၊ ငွေကြေး၊ အကြောက်တရားတို့နှင့် အနိုင်ယူနှိပ်စက်ခြင်းများသည် စင်စစ်အားဖြင့် လူကုန်ကူးမှုတွင် အကျုံးဝင်ပါသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြု ခြင်း၊ ကျေးကျွန်အဖြစ် လုပ်အားခကို ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ သူတစ်ပါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှု၏ လက္ခဏာများဖြစ်ပါသည်။ အကြမ်းဖက်စေခိုင်းခြင်း၊ အနိုင်ကျင့်ခြင်းတို့သည် ဥပဒေနှင့် ငြိစွန်းသည့်ပြစ်မှုများဖြစ်ရာ အမျိုးသမီးများကို အကြမ်းဖက်မခံရရေး ဝိုင်းဝန်း အလေးပေး ဆောင်ရွက်ကြရပါမည်။
အမျိုးသမီးများကို အမျိုးမျိုးလှည့်ဖြား သိမ်းသွင်း၍ တစ်ဖက်မှတစ်ဖက်သို့ လွှဲပြောင်းရောင်းဝယ်ကြသည့်လုပ်ငန်းမှာ အလွန်ဆိုးရွားလှပါသည်။ စက်ဆုတ်ရွံရှာဖွယ်လည်းဖြစ်သည်။ လူကိုကုန်ပစ္စည်းကဲ့သို့ သဘောထားကာ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ရောင်းဝယ်ကြပြီး အကြမ်းဖက်ကာ အတင်းအဓမ္မ “ပြည့်တန်ဆာစေခိုင်းမှု”ကို လူတိုင်း က ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ရပေမည်။
အမျိုးသမီးများအား မတရားအကြမ်းဖက်မှုကို ထိရောက်သောဥပဒေဖြင့် တိကျပြတ်သားစွာ အရေးမယူနိုင်လျှင် ဆက်လက်ရှင်သန်ကြီးထွားရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ တစ်ဖန် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လုပ်ခနည်းခြင်းများကလည်း အမျိုးသမီးများ လူကုန်ကူးခံရကာ အကြမ်းဖက် ခံရမှုများဖြစ်မြောက်အောင် တွန်းပို့သလိုဖြစ်စေသည်။ အားလုံးကိုခြုံကြည့်လျှင် ဆင်းရဲမွဲတေမှု၊ ကြွေးမြီမဆပ်နိုင်မှု၊ စာပေမတတ်မှု၊ ပညာရေးအဆင့် အတန်းနိမ့်ကျမှုတို့ကလည်း လူကုန်ကူးခံရရန် အကြောင်းရင်း စေ့ဆော်မှုများဖြစ်ကြောင်း တွေ့ရသည်။
ဖြတ်လမ်းနည်းဖြင့် ရရှိအောင်ကြိုးပမ်း
တစ်ဖက်ရှုထောင့်မှကြည့်လျှင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဆမတန်ကြီးထွားနေသည့် စီးပွားရေး ပြိုင်ဆိုင်မှု ဖိအားများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ဘက်များကို အနိုင်ရရန် ဈေးပေါပေါနှင့် လုပ်ကိုင်မည့် အလုပ်သမားများရရှိအောင် (တစ်နည်းအားဖြင့်) ဆင်းရဲသောနိုင်ငံများမှ လုပ်သားများကို ဖြတ်လမ်းနည်းဖြင့် ရရှိအောင်ကြိုးပမ်းမှုများကို ဖြစ်စေကြောင်း တွေ့ရသည်။ လူကုန်ကူးရောင်းဝယ်ခံရသူ အမျိုးသမီးများသည် အလုပ်ခွင်တွင် မသန့်ရှင်းသော ညစ်ပတ်ပေရေသောအလုပ်များ၊ သိက္ခာကျသော၊ အရှက်ရစေသောအလုပ်များ၊ အသက်အန္တရာယ်ရှိသော အလုပ်များကို လုပ်ကိုင်ရပြီး ကျန်းမာရေးထိခိုက်ခြင်း၊ ဘဝလုံခြုံမှုမရှိခြင်းတို့နှင့် ရင်ဆိုင်ရသည်။
အမျိုးသမီးများအား အကြမ်းဖက်မှုပြဿနာ သည် အာရှနိုင်ငံများတွင် ကြီးထွားများပြားလျက် ရှိရာ မြန်မာနိုင်ငံတွင်လည်း အနည်းနှင့်အများ ဆိုသလို ကြုံတွေ့နေရသည်။ ယခုအခါ အမျိုးသမီးများကို ပြည်တွင်းကူးသန်းရောင်းဝယ်မှုများရှိ သကဲ့သို့ အခြားနိုင်ငံများသို့လည်း ရောင်းဝယ်ပေးပို့ စေခိုင်းမှုများရှိနေပါသည်။ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မစေခိုင်းမှု၊ ပြည့်တန်ဆာပြုမှုများကို တွေ့ရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ကာ လူကုန်ကူးခံရသူ ရှစ်သိန်းခန့်ရှိသည်ဟု သိရသည်။ လူကုန် ကူးမှုခံရမှုမှာလည်း ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနှင့် လူကုန်ကူးခံနေကြရသည်။ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် တွေ့ရသည်။ အကြမ်းဖက်စေခိုင်းခံရသည့် မြန်မာအမျိုးသမီးအလုပ်သမားများမှာ ၎င်းနိုင်ငံရှိ အနည်းဆုံးလုပ်ခရရှိသူ၏ လုပ်ခ တစ်ဝက်နှင့် တစ်ဝက်အောက်သာရရှိပြီး အလုပ်ချိန်တွင် နားချိန်မရှိလောက်အောင်ပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအား လှည့်ဖြားလိမ်လည် အကြမ်းဖက်စေခိုင်းခံရမှု၏ အနိဋ္ဌာရုံများကို လူတိုင်းသိရှိနားလည်ပြီး တားဆီးကာကွယ်နိုင်ရန် တစ်မျိုးသားလုံးက အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းစုပေါင်း တိုက်ဖျက်ကြရပေမည်။
ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင် အမျိုးသမီးအိမ်ဖော်များ၊ အရောင်းဝန်ထမ်းများ၊ နေ့စားအလုပ်သမားများ စသည်ဖြင့် ပါဝင်နေကြသည်။ အများစုသည် ဖို၊ မကိစ္စများကို ငွေကြေးဖြင့် အနိုင်ယူခံရခြင်း၊ ခံစားရသူအမျိုးသမီးက တစ်စုံတစ်ရာ တုံ့ပြန်လာခဲ့လျှင် (သို့မဟုတ်) ကျူးလွန်သူ၏ လူမှုအသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာအတွက် ဖုံးကွယ်စရာများရှိလာခဲ့လျှင် ထိုအမျိုးသမီးများမှာ အသက်အန္တရာယ်ရှိသည်အထိ အကြမ်းဖက် ခံကြရသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်း
မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ပါသည်။ ထိုထက် ဝက်ကျော်သော ကိန်းဂဏန်းမှာ နိုင်ငံတော်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သော အနေအထားဖြစ်ရာ အမျိုးသမီးများကို နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ရှေ့တန်းတင် အားပေးရမည်ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် အမျိုးသမီးညီလာခံမှ အမျိုးသမီး များ ဘဝလုံခြုံ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတိုင်း၌ အမျိုးသားအဆင့်ယန္တရား ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် (Myanmar Women’s Affairs Federation- MWAF) ကို မွေးဖွားနိုင်ခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ပေါ်ပေါက်လာခြင်းသည် မြန်မာ အမျိုးသမီးများအတွက် အားရတက်ကြွဖွယ် ဖြစ်သည်။ ယခင်က အမျိုးသမီးများ အားကိုးအားထားပြုထိုက်သော သီးသန့်အသင်းအဖွဲ့ဟူသည် မရှိခဲ့ပါ။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည် မြန်မာအမျိုးသမီးထုအတွက် ကျောက်ဆောင်ကျောက်သား တံတိုင်းကြီးပမာ ရှေ့တန်းမှအကာအကွယ်ပေးရန် အဆင်သင့်ရှိပါသည်။ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များ တွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် စသည့်ရည်ရွယ်ချက်များသည် အလွန်ကောင်းမွန်လှသည်။ အမျိုးသမီးထု၏ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေးတို့မှာ အမျိုးသမီးတိုင်းအတွက် အဓိကရပ်တည် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များဖြစ်သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်အတူ အမျိုးသမီးများ အကြမ်းဖက်မခံရရေးစီမံချက်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ကမ္ဘာမှာရော မြန်မာမှာပါ ဆောင်ရွက်မှုများ ထိရောက်အောင်မြင်စေရန် ကမ္ဘာ့နိုင်ငံသား အားလုံး၊ မြန်မာ့နိုင်ငံသားအားလုံး ဝိုင်းဝန်း၍ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါသည်။
ကြိုတင်တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတိုက်ဖျက် ရေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကြိုတင်တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များကို ဦးစားပေး အဆင့်ထား၍ ဆောင်ရွက်လျက် ရှိပါသည်။ ကြိုတင် တားဆီးကာကွယ်ရာ၌ အမျိုးသမီးထု (အထူးသဖြင့် ငယ်ရွယ်သော၊ အရွယ်ရှိသော အမျိုးသမီးထု)ကို အကြမ်းဖက်ခံရနိုင်မှုနှင့် ပတ်သက်သော အသိပညာ ပေးဟောပြောပွဲများကို နေရာဒေသအသီးသီး၌ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်၍ အသိပညာများ ဖြန့်ဝေပေးရန်လိုသည်။
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီး၌ အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပညာပေးကာတွန်း၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ပေးခြင်းဖြင့် တိုက်ဖျက်ရေး နည်းပညာကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် လိုပါသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာရှင်များ ကလည်း ဟောပြောခြင်း၊ ရေးသားခြင်း၊ အငြိမ့်၊ ပြဇာတ်၊ တေးသီချင်းများဖြင့် သရုပ်ဖော်တင်ဆက် ပညာပေးခြင်း၊ ရုပ်သံလွှင့်ဌာနများမှ ပညာပေး ဇာတ်လမ်းများ ရိုက်ကူးထုတ်လွှင့်ခြင်း စသော နည်းပညာများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြ ရပါမည်။ အကြမ်းဖက်မှုဖြစ်ပွားလျှင် အသိပေး တိုင်ကြားနိုင်မည့် တယ်လီဖုန်းနံပါတ်များကို စာနယ်ဇင်း၊ ပိုစတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ တစ်ဆင့် ပြည်သူလူထု သိရှိဆက်သွယ်နိုင်အောင် ဖြန့်ဝေပေးရန်လိုသည်။
အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ အကြမ်းဖက်ခံရသူ အမျိုးသမီးများကို စာနာနားလည်မှုဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ဖေးမကူညီရေးသည်လည်း အရေးကြီးသော လုပ်ဆောင်ချက် ဖြစ်သည်။ အသိပညာ ဗဟုသုတ နည်းပါး၍ လမ်းမှားရောက်ကာ အကြမ်းဖက်ခံရသူ အမျိုးသမီးများကို အသိမှန် အမြင်မှန်များဖြင့် ဘဝ ခွန်အားများ ပြန်လည်ရရှိအောင် ကူညီစောင့်ရှောက် ၍ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ရေး၊ ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ကြရပါသည်။ ထို့အပြင် ၎င်းတို့အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရန်၊ အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရန်တို့ကို နောက်ဆက်တွဲ စောင့်ရှောက်မှုများအဖြစ် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါသည်။
အမျိုးသမီးများ အကြမ်းဖက်မှုကို တိုက်ဖျက်ကြရာ၌ နိုင်ငံတော်အစိုးရကချည်း ဆောင်ရွက်နေရုံဖြင့် မပြီးပါ။ အကြမ်းဖက်မှုဆိုင်ရာ အသိပညာများကို ပြည်သူတစ်ရပ်လုံးသို့ စိမ့်ဝင်ပျံ့နှံ့စေရန် နည်းပညာအခန်းကဏ္ဍ မြှင့်တင် ဆောင်ရွက်မှုများနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်အတူ ပြည်သူတစ်ရပ်လုံးက တစ်ခဲနက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ အောင်မြင်မှုများ ပိုင်ပိုင်နိုင်နိုင် ရရှိမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။