မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခြင်း၊ နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံခြားသားများအား  တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုးမီဒီယာများမှ နိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို  ကောလာဟလ သတင်းမျိုးစုံ ထုတ်လွှင့်နေမှုများ၊ ၃၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအတွင်း ရန်သူများအနေဖြင့်  ပြည်သူပိုင်အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံများကို အကာအကွယ်ယူ၍တို က်ခိုက်နေပြီး တပ်မတော်အပေါ် မဟုတ်မမှန် ကောလာဟလထုတ်လွှင့်နေမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

မြန်မာနိုင်ငံကို  ချစ်ကြည်ရေးအလည်အပတ် ခရီးစဉ်အနေနဲ့ မြန်မာ-တရုတ်  ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တပ်မတော်ရေ) က အရာရှိ၊ စစ်သည်တွေအနေနဲ့ ဒီနေ့မြန်မာနိုင်ငံက စစ်ရေယာဉ်တွေကို အပြန်အလှန် လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ- တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်း စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရား မဝင်ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား အမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ စုစုပေါင်း ၂၁၂ ဦးကို တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ စုစုပေါင်း ဒီနေ့အထိ ၁၀၃၈၂ ဦး ရှိပြီးဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောချင်တယ်။

 

နောက်တစ်ခုက ကောလာဟလသတင်းတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်ဖျက်မီဒီယာတွေ၊ အနောက်နိုင်ငံအားကိုး မီဒီယာတွေအနေနဲ့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်တွေမှာ ကောလဟလတွေမျိုးစုံ ထုတ်လွှင့်နေ တာရှိ ပါတယ်။ အင်းစိန်မှာရှိတဲ့ ဦးပိုင် ပိုင်ဆိုင်တဲ့ကားဝင်း ကို Drop Bomb ချခဲ့တယ်။ ပြီးရင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ မဟုတ်မမှန်သတင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဒီသတင်းသည် သတင်းမှားပဲဖြစ်ပါတယ်။ နောက်တစ်ခုက စစ်ကိုင်း တိုင်းဒေသကြီး တန့်ဆည်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်။ တပ်ဘက်ကနေ ဘယ်လောက် ကျဆုံးတယ်ဆိုတာမျိုးတွေ ထုတ်လွှင့်နေတာရှိပါတယ်။ အဲဒီသတင်း ထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးပဲဖြစ်ပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ ဘယ်လောက်အထိ KIA၊ PDF အဖွဲ့များ သေဆုံး ဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့အသိဆုံးပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်မဲမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ Toll Gate အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အဲဒီမှာတော့ TNLA၊ MNDAA ပူးပေါင်းအဖွဲ့က ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ ဒေသခံတွေအနေနဲ့ အဲဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကို ပြန်လာတဲ့အခါမှာ အပုပ်နံ့တွေရလို့ လိုက်လံရှာဖွေတဲ့အခါမှာ တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်မြားစွာ တွေ့ရှိခဲ့ရပါတယ်။ မြို့နယ်လူထုနဲ့လုံ ခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင် အဆင်းလမ်းမှာလည်း ဒီအတိုင်းပစ်ချခဲ့တဲ့ အခုနအဖွဲ့တွေရဲ့ ယူနီဖောင်းပါတဲ့အလောင်းတွေ တွေ့ခဲ့ ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပြည်ပမှာနေထိုင်နေတဲ့ တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီး အသံကောင်းဟစ်နေတဲ့ တိုင်းဖျက်ပြည်ဖျက် အနောက်အားကိုး မီဒီယာတွေရဲ့ မြှောက်ပင့်မှု၊ ကောလာဟလတွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သေဆုံးရတဲ့သူ မနည်းပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒီသေဆုံးရတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။ တပ်မတော်ဘက်ကပဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်က သေဆုံးသည်ဖြစ်စေ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်တွင်း သောင်းကျန်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာလည်း ဒီဝဲဂယက်ထဲမှာ ပဲရှိနေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ယခင်ကတည်းက ကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေက ဦးစီးပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း သူတို့ပဲဦးစီးပြီး လုပ်ဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက သတိရှိရမှာဖြစ်ပါတယ်။ ဒီနေ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေနဲ့ကတော့ နန့်ခမ်း၊ ၁၀၅ မိုင် မူဆယ်၊ တာမိုးညှဲဘက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ တာမိုးညှဲနဲ့ နန့်ခမ်းမှာတော့ ရန်သူ ထိခိုက်ကျဆုံးမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော်က အထက ကျောင်းအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တော အထက်တန်းကျောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ဒီရန်သူအနေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကိုပစ်ခတ်တယ်၊ ဆေးရုံကိုပစ်ခတ် တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေဖန်တီးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုမပစ်မခတ်မချင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကိုဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိ ပေးပြောကြားလိုပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။