နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ အမှတ် (၆) ရပ်ကွက်၌ နေထိုင်သူ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးသည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးရှေ့မှ  ခြေကျင်ဖြတ်သွားချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တပ်မတော်သို့ဝင်ရန် အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့သောကြောင့် ငွေကြေးဖြင့် ပြန်ရွေးခဲ့ရကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားနေသည့် မြေလတ်အသံသတင်းမီဒီယာမှ လူမှုကွန်ရက်သတင်းစာမျက်နှာများတွင် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တောင်သာမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးရှေ့၌ မသင်္ကာဖွယ် အမျိုးသားတစ်ဦးမှ ခေါက်တုံ့ခေါက်ပြန်  သုံးကြိမ်ခန့်လမ်းလျှောက်နေသဖြင့်  လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များက လုံခြုံရေးအရခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၎င်းသည်အရက်အလွန်အကျွံ သောက်စားထားကာ  မေးမြန်းမှုများအား ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မပါရှိကြောင်း၊ ၎င်းနှင့်အတူ အဝတ်ထုပ် တစ်ထုပ်၊ ငွေကျပ် ၁၀၀၀ ကို တွေ့ရှိရပြီး အချိန်အနည်းငယ်ကြာမှသာ အဆိုပါလူငယ်၏  မိခင်ဖြစ်သူ ရောက်ရှိလာပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း  ပိုက်ဆံဖြင့်  ရွေးယူသွားသည်မှာ မဟုတ်ကြောင်း သိရှိရသည်။

 

သို့ဖြစ်ပါ၍ တရားမဝင်မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ချိန်တွင် သတင်းအမှားများဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆက်တိုက်ထုတ်လွှင့်ရေးသားလျက်ရှိပြီး  နိုင်ငံတော်နှင့် ပြည်သူများ၏  အသက်အိုးအိမ်စည်းစိမ်ကို  ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများဖြင့်  ပြည်သူကို  သတင်းအဆိပ်ခတ် ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်