နေပြည်တော် ၂၁ ဖေဖော်ဝါရီ
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(၂၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသား လွှတ်တော်၊ ဒသမပုံမှန် အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များဖြစ်ပေါ်ခဲ့သည့် အဆိုနှင့် မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ်ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ကတိဖြစ်ပေါ်ခဲ့သည့် အဆို၊ မေးခွန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)