နေပြည်တော် ဒီဇင်ဘာ ၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွှဲပိုင်းတွင် တပ်ကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တပ်ကုန်း-ရွှေမြို့ မွေးမြူရေးဇုံတွင် ဆောင်ရွက်လျက်ရှိသည့် မြေသားရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က မွေးမြူရေးနှင့် ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက အလျားပေ(၃၃၀)၊ အမြင့် (၃၆)ပေ မြေသားရေလှောင်ကန် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက်ဒုတိယဝန်ကြီးက မွေးမြူရေးဇုံအတွင်း တိရစ္ဆာန်များ၏ ရေလိုအပ်ချက်နှင့် အခြား ရေလိုအပ်ချက်ကို တွက်ချက်ပြီး အသုံးပြုမည့် ရေပမာဏပေါ်အခြေခံ၍ ရေအသုံးပြုမှု ဖူလုံစေရေး စီမံဆောင်ရွက်ရန်၊ ရေပေးဝေမည့်နေရာကို ရွေးချယ်၍ ရေပိုက်လိုင်းဆွဲခြင်းနှင့် ရေတင်စနစ်ဖြင့် ပေးဝေခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်အစာအတွက် စီမံဆောင်ရန်ထားရှိမှု အခြေအနေများ၊ အပူပိုင်းဇုံ အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြေသားတမံ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရေသိုလှောင်ထားရှိမှု၊ မွေးမြူရေးဇုံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်လျက်ရှိသော ဥစားဘဲ၊ အသားစားဘဲရုံ အ‌ဆောက်အဦနှင့် ဥဖောက်စက် အဆောက်အဦ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထိုမှဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်း ကျေးရွာအုပ်စုတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆိုလာစနစ် စက်ရေတွင်းအမှတ်(၈) မြေအောက် ရေဖြင့် တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးရေ‌‌‌ပေးဝေနေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တပ်ကုန်းမြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း သီးထပ်တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ခြင်း အတွက် တောင်သူအစုအဖွဲ့များ၊ ရေအသုံးချသူများအဖွဲ့(WUG)နှင့် ဌာနဆိုင်ရာများပေါင်းစပ်၍ ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)