နေပြည်တော် ဒီဇင်ဘာ ၁

 

မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၏ သတ္တမအကြိမ် တိရစ္ဆာန်ဆေးပညာ ကောင်စီရွေးချယ် တင်မြောက်ရေးနှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (၁၅)ကြိမ်မြောက်ရွေးချယ် တင်မြောက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အစည်းဝေးခန်းမ၌ ကျင်းပရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌ၊ တိရစ္ဆာန်ဆေးကု ဆရာဝန် များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီနှင့် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းတို့သည် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တိရစ္ဆာန်ဆေးပညာသင်ကြားရေးစနစ်ကို ခေတ်မီနည်းပညာများဖြင့် စဉ်ဆက်မပြတ် မြှင့်တင် သင်ကြားပေးနိုင်ရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တိရစ္ဆာန်ဆေးပညာဆိုင်ရာ အတတ်ပညာအရပ်ရပ်ကို အသုံးချလုပ်ကိုင်သူတို့အား ယင်းတို့နှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာ ကျင့်သုံးကြစေရေး ဝိုင်းဝန်းထိန်းကျောင်းကြရန်နှင့် တိရစ္ဆာဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးကျရာကဏ္ဍမှ ပူးပေါင်းကြိုးပမ်း ကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီဥက္ကဋ္ဌက တတိယအကြိမ် တိရစ္ဆာန်ဆေးပညာ ကောင်စီရွေးချယ်တင်မြောက်ရေး ဆောင်ရွက်ထားရှိမှုနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း အတွင်းရေးမှူးက တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၏ (၁၅)ကြိမ်မြောက် ရွေးချယ်ရေးဆောင်ရွက် နေမှုတို့ကို တင်ပြကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာ ကြသူများက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)