နေပြည်တော် ဒီဇင်ဘာ ၁
စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမဟာဗျူဟာတွင် လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား၍ စားရေရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုတို့တွင် လုပ်ကွက်ငယ်တောင်သူ လယ်သမားများ ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးပြုစုထားရာ မိမိတို့နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအရေးကြီးကြောင်း၊ ယခုအစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်တွင် ပါရှိသည့်အချက်များ၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်း တာဝန်(၁၇)ရပ်၊ အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဦးဆောင်မှုဖြင့် ရေးဆွဲလျက်ရှိသည့် အမျိုးသားမြေဥပဒေ မူကြမ်းတို့နှင့်ဆက်စပ်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကြံပြုကြရန် ဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းအကြောင်းအရာများကို ဖတ်ကြားတင်ပြပြီး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးကြသည်။
အမျိုးသား မြေအသုံးချမှုကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၂၁ ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သော စိုက်ပျိုးရေး ဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန်(၁၇)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ တာဝန်များနှင့်အညီ လယ်ယာမြေ၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုအားကောင်း လာစေပြီး လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊ မြေယာမဲ့ပြည်သူများ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့် ခိုင်မာမှုရှိရေးတို့ကို စိုက်ပျိုးရေး မူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ်များ ချမှတ်၍ မဟာဗျူဟာကျကျ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)