နေပြည်တော်၊ ဒီဇင်ဘာ ၁

 

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ် အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မွန်ပြည်နယ်အနေဖြင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းကောက်အဖွဲ့ (၁၀၀၀)ကျော်ဖြင့် သတ်မှတ်ကာလ အတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပြီး e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် (၅ ဒဿမ ၂) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် (၆၀၀၀၀)ကျော်၊ စုစုပေါင်း(၅ ဒဿမ ၈) သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များအား ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက် တိုက်ဆိုင်ပြင်ဆင်ဖြည့်သွင်း အတည် ပြုခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ရန် အနည်းငယ်ကျန်ရှိနေသည့်အတွက် အချိန်မီပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။

 

မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံး ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ e-ID Dtatbase အတွင်းသိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသား ကတ်ပြားအသစ် လျှောက်ထားသူများအား e-ID စနစ်ဖြင့် တပါတည်း Biographic/ Biometric ကောက်ယူ ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းစဉ်အား ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော် ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မဲစာရင်းမှန်ကန်စေရေးလုပ်ငန်းများ၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 

ယင်းနောက်တာဝန်ရှိသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများ‌ဆောင်ရွက်မှု ပြည်လုံးကျွတ် သန်းခေါင်စာရင်း‌ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မြေပြင်ကွင်းဆင်းကောက်ယူရရှိသော အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်း တိုက်ဆိုင်အတည်ပြုဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ် ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ဒေသအာ ဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက တက်ညီလက်ညီ လက်တွဲ၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းကောက်ယူပြီးစီးသည့် စာရင်းဇယား အချက်အလက်များအား e-ID Server အတွင်း တိုက်ဆိုင်ပြင်ဆင် ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းများ၊ e-ID စနစ်အကောင်အထည်ဖော်ရေး၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဂရုပြုဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

(သတင်းစဉ်)