ရန်ကုန် ဒီဇင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း၌ လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ် ပြုပြင်သင်တန်းပို့ချနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ သင်တန်းအမျိုးအစား (၅) မျိုးကို (၁၂)ကြိမ်ပို့ချခဲ့ပြီး သင်တန်းသား ၃၃၅ ဦး မွေးထုတ်ပေး နိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလထိ သင်တန်းအမျိုးအစား (၅) မျိုးကို ၁၄ ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၃၃၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းကို ထည့်သွင်းပို့ချသွားမည်ဖြစ်ပြီး သင်တန်း အမျိုးအစား (၆) မျိုးကို (၁၉) ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၄၅၀ မွေးထုတ်ပေး ရန် လျာထားကြောင်း၊ သင်တန်းဆင်းပြီးပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်ကို အသုံးချကာ အသက်မွေးဝမ်းကျောင်းပြု၍ လူမှုဘဝတိုးတက်မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုရန်လိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ လေအေးပေးစက်တပ်ဆင်ခြင်း ကျွမ်းကျင်မှုအဆင့်(၁)အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား စစ်ဆေးအကဲဖြတ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်နေပြီး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို အဆင့် (၄) ဆင့်ဖြင့် စစ်ဆေးအကဲ ဖြတ်နေကြောင်း၊ NSSA အသိအမှတ်ပြု လက်မှတ်ရရှိထား ခြင်းအားဖြင့် အလုပ်ရှင်များ၏ အားကိုးယုံကြည်မှု ရရှိနိုင်သောကြောင့် လုပ်ငန်းခွင်မှ အဆင့်မီ လုပ်သားများကို အချိန်မဆိုင်းဘဲ စစ်ဆေးအကဲဖြတ်ခြင်းတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး အသိပေးပြောကြားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)