နေပြည်တော် ဒီဇင်ဘာ ၁

 

(၂၀၂၃) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည်က နှစ်စဉ် ဒီဇင်ဘာ (၁)ရက်ရောက်တိုင်း ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်း လုံးတွင်ကျင်းပကြပြီး အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရန်၊ ပြည်သူ့ ကျန်းမာရေး၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများ အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓါတ်များနှင့် ပူးပေါင်း ပါ၀င်ပြီး ခုခံအားကျဆင်းမှုကူးစက် ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင် ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ကျင်းပခဲ့ခြင်းဖြစ်ပါ ကြောင်း၊ (၂၀၃၀)ပြည့်နှစ်တွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာ စေရန်ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၂၅)မှာပါရှိသည့် ဦးစားပေးနည်းဗျူဟာ(၅)ရပ်နှင့်အညီ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

             

 ယခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Let Communities Lead” “အေအိုင်ဒီအက်စ်ကင်းဝေးရေး၊ ပြည်သူလူထုဦးဆောင်ပေး” နှင့်အညီ အိပ်ချ်အိုင်ဗွီကာကွယ်ကုသရေး ဝန်ဆောင်မှုလုပ်ငန်းများကို လူတိုင်းညီတူညီမျှ လက်လှမ်းမီရရှိရေးအတွက် ဦးတည်အုပ်စုဝင်များ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ အပါအဝင် ပြည်သူလူထုအားဖြင့် ဆောင်ရွက်မှသာ (၂၀၃၀) ပြည့်အကုန်တွင် အိပ်ချ်အိုင် ဗွီပိုးကူးစက်မှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန်ဆိုသည့် ရည်မှန်း ချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။  

 

ထို့နောက် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်သည်။  

 

ဆက်လက်၍ မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းတင်ဗွီဒီယိုကိုပြသပြီး အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ် များကို လှည့်လည်ကြည့်ရှုကြသည်။

 

 အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသော  ပြည်သူလူထုအခြေပြုကွန်ယက်များမှ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)